Full article

မြန်မာတစ်နိုင်ငံလုံးရှိ ခရီးသည် ယာဉ်များ၊ ကုန်တင်ယာဉ်များ အပါအဝင် မော်တော်ယာဉ်များကို ဒီဇင်ဘာလ ၂၅ ရက်မှစ၍ LPG ဓာတ်ငွေ့သုံးစနစ် စတင်တပ်ဆင်ပေးနေပြီ ဖြစ်ကြောင်း Powertek Engineering Group မှ စီမံမှု ဒါရိုက်တာဦး နေဝင်းက ပြောကြားသည်။

LPG-gas-Oလက်ရှိတွင် မေတ္တာလှိုင်း ယာဉ်လိုင်းမှ ယာဉ်လေးစီးကို တပ်ဆင်ပေးပြီး ဖြစ်၍ ယင်းကားများ ပြေးဆွဲနေပြီ ဖြစ်ရာ LPG ဓာတ်ငွေ့သုံးစနစ် အသုံးပြုနိုင်ရန် သင်တန်းများလည်း ပို့ချသွားမည် ဖြစ်ကြောင်း၊ LPG ဓာတ်ငွေ့ကို ၎င်းတို့ ကုမ္ပဏီက door to door စနစ်ဖြင့် ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ခွင့်ပြုချက်ယူပြီး ညှိုနှိုင်းဆွေးနွေး လုပ်ဆောင်၍ အကောင်အထည် ဖော်ပါက တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ယာဉ်ပိုင်ရှင်များ အတွက် အဆင်ပြေနိုင်ကြောင်း၊ လက်ရှိ CNG မှာ မော်တော်ယာဉ်များအတွက် အခက်အခဲ ရှိသဖြင့် LPG ဓာတ်ငွေ့ လုပ်ဆောင်ပါက ပိုမို ကောင်း မွန်ကြောင်း လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး (ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့) ဦးအောင်ခင်က LPG ဓာတ်ငွေ့ သုံးစွဲနိုင်ရေးအတွက် ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

LPG ကို ဥရောပမှ အသုံးပြုနေကြပြီ၊ မြန်မာနိုင်ငံက အရမ်းနောက်ကျနေတယ်။ အဲဒါကြောင့် ကျွန်တော်တို့ အနေနဲ့က တိုင်းဒေသကြီး အစိုးရအဖွဲ့ကို အသိပေး တင်ပြတယ်။ သူတို့ဘက်ကလည်း အလွယ်တကူ လက်ခံတယ်။ အဲဒီအတွက် ဖိတ်ခေါ်ပေးခဲ့ပြီး အခုခရစ္စမတ်က စပြီး တပ်ဆင်ပေးနေပါပြီဟု Powertek Engineering Group မှ စီမံမှုဒါရိုက်တာ ဦးနေဝင်းက ဆိုသည်။ လက်ရှိတွင် ယင်းဓာတ်ငွေ့ကို ရောင်းချ ပေးနေသည့် ကုမ္ပဏီများမှာ IP၊ MOGE ၊ မြဝတီနှင့် ရွှေသန်လျင် ကုမ္ပဏီတို့ ဖြစ်ပြီး Powertek Engineering Group ကလည်း door to door စနစ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ စုံစမ်းသိရှိရသည်။ ရန်ကုန်မြို့၏ အမှတ် (၄) လမ်းမကြီးပေါ်ရှိ ပေ ၄ဝဝ ပတ်လည် ခြံဝင်းအတွင်း ယင်း LPG စနစ်ကို တပ်ဆင်ရန် ဝန်ဆောင်မှု ပေးလျက် ရှိကြောင်း Powertek Engineering Group ထံမှ စုံစမ်းသိရှိရသည်။

Ref: The Voice Weekly

Author