သင်္ကြန်မတိုင်မီ ပြည်တွင်း စက်သုံးဆီဈေးနှုန်းပြန်လည်မြင့်တက်လာ

0

Full article

သင်္ကြန်မတိုင်ခင် ပြည်တွင်းစက်သုံးဆီဈေးနှုန်း ပြန်လည်မြင့်တက်လာနေပြီး ယခုကျပ် ၁ဝဝ နီးပါးအထိ စက်သုံးဆီဈေးနှုန်းထက် ထပ်မံမြင့်တက်လာမည်ကို စိုးရိမ်ရကြောင်း မော်တော်ယာဉ်အသုံးပြုသူအများစုက ပြောဆိုနေကြသည်။ ၂ဝ၁၈ နှစ်ကုန်ခါနီးတွင် စက်သုံးဆီဈေး အောက်တိန်းတစ်လီတာမှာ ကျပ် ၇ဝဝ အောက်အထိ ကျဆင်းသွားခဲ့သော်လည်း ၂ဝ၁၉ ခုနှစ်မှစပြီး တဖြည်းဖြည်းပြန်လည်မြင့်တက်လာခဲ့ရာ သင်္ကြန်အတွင်း ခရီးသွားများ များပြားလာမှုနှင့် မော်တော်ယာဉ်အသုံးပြုမှု များလာသောကြောင့် အောက်တိန်း တစ်လီတာလျှင် ကျပ် ၁ဝဝ နီးပါးအထိ ဈေးနှုန်းမြင့်တက်လာနေရာခဲ့ရာမှ ထပ်မံ၍ ဈေးနှုန်းမြင့်တက်လာမည်ကို စိုးရိမ်ရကြောင်း၊ စက်သုံးဆီဈေးထိန်းညှိရန် ကြိုတင်စီမံမှုတွေလုပ်ဆောင်သင့်ကြောင်း ယာဉ်မောင်းသူများက ပြောဆိုနေကြသည်။

"သင်္ကြန်မတိုင်ခင် ဆီဈေးကပြန်တက်လာတယ်။ အရင်က ဆီဈေး ၇ဝဝ ဝန်းကျင်လောက်ကနေ ၂ဝ၁၉ အစပိုင်းထဲက ဆီဈေးပြန်တက်လာတယ်။ အောက်တိန်းတစ်လီတာကို ၁ဝဝ လောက်တက်လာတယ်။ ဒီထက်ဈေးပိုမတက်ဖို့ဘဲ မျှော်လင့်ရတယ်။ သင်္ကြန်နီးလာတော့ ခရီးသွားတဲ့ကား ကလည်းများလာတာရယ် သင်္ကြန်မှာ ထွက်တဲ့ကားတွေကလည်းများလာတော့ ဆီဈေးအခုထက် ထပ်မတက်ဖို့တော့ မျှော်လင့်ရတာပေါ့။ စက်သုံးဆီဈေးကို နိုင်ငံတကာက ကုမ္ပဏီတွေဝင်လာဖို့ လိုအပ်နေပါတယ်။" ဟု အဌားယာဉ်မောင်းနေသူ ဦးစံဝင်းကပြောသည်။ ပြည်တွင်းတွင် ရောင်းချနေလျက်ရှိသော စက်သုံးဆီဈေးနှုန်းကျဆင်းရေး စက်သုံးဆီကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နေရာ ယခင်နှစ်ကလည်း စက်သုံး ဆီဈေးနှုန်းမြင့်တက်ခဲ့သဖြင့် ဈေးနှုန်းထိန်းညှိနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ကုန်ပက်ထရိုကုမ္ပဏီကို ထူထောင်၍ကြိုးစားခဲ့ရကြောင်း၊ လက်ရှိတွင် စက်သုံးဆီဈေးနှုန်းမြင့်တက်မှုနှင့် ကြုံတွေ့နေရခြင်းကြောင့် ဈေးနှုန်းကျဆင်းရေးကို ယခင်ထက် ပိုမိုကြိုးစားလုပ်ဆောင်သွားမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

"ရန်ကုန်ပက်ထရိုမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ ငွေကြေးထည့်ဝင်ထားမှုတော့ မပါဝင်ပါဘူး။ ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုလည်း မပါဝင်ပါဘူး။ ဒါပေမယ့် တိုင်းဒေသကြီးအစိုးရရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ ဆောင်ရွက်နေပါတယ်။" ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။ ရန်ကုန်စက်သုံးဆီဈေးကွက် အထိုင်ဈေးအရ ဆီဆိုင်အများစုမှ ယနေ့ရောင်းချနေသော စက်သုံးဆီ ဈေးနှုန်းများမှာ အောက်တိန်း 92 တစ်လီတာလျှင် ၈၃ဝ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၉၁၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၉၈၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၉၉၅ ကျပ်နှုန်းဖြင့် ရောင်းချနေလျက်ရှိကြောင်းသိရသည်။

Author

Comments