Full article

ပြည်တွင်း Showroom များ၊ Sales Center များနှင့် တစ်ပိုင်တစ်နိုင်သမားများအား  လက်ကားဖြန့်ချိ ပေးနေသည့် လေလံကုမ္ပဏီများပင် လေလံ၌ အဝယ်ရပ်ထားပြီး ပြည်တွင်းကားအရောင်းအဝယ်ဈေးကွက်မှာ လည်း အေးစက်နေကြောင်းသိရသည်။ နှစ်ကုန်ဆုံးချိန် မူဝါဒအပြောင်းအလဲအား စောင့်ကြည့်နေမှုများနေကာ CIF တန်ဖိုး အပြောင်းတွင် ထွက်ရှိလာမည့် ဈေးနှုန်းများအားလည်း စောင့်ကြည့်နေကြကြောင်း ကား Sales Center ပိုင်ရှင်တစ်ဦးကပြောပြခဲ့သည်။

"တော်တော့်ကိုအေးနေတာ၊ ဈေးကွက်အေးလွန်းလို့ ကြောက်တောင်ကြောက်လာတယ်၊ ဘယ်လိုတွေ ဖြစ်နေလဲမသိဘူး၊ တချို့ကလည်းလေလံမှာဆွဲပြီးလှောင်ထားတာတွေလည်း ရှိတယ်၊ အဲဒါကလည်း နည်းနည်း တော့အန္တရာယ်များတယ်၊ မူဝါဒက ဘယ်လိုလာဦးမယ်မသိဘူး၊ တချို့က CIF အပြောင်းမှာဖြစ်နိုင်တဲ့ ဈေးနှုန်း တွေကို တွက်ပြီး ကြိုဝယ်ထားတာတွေတော့ရှိတာပေါ့လေ" ဟုရှင်းပြခဲ့သည်။

လေလံကုမ္ပဏီများ၊ Showroom များ၊ Sale Center များတွင် အရောင်းအဝယ် ပါး/မပါး မှာ ဂျပန်မှ ကားတင်သင်္ဘောများ ဆိုက်ကပ်လာသည့် အစီးရေကိုကြည့်ရုံဖြင့် သိသာနိုင်ကြောင်း ကားလေလံကုမ္ပဏီတစ်ခု ၏ ဒါရိုက်တာတစ်ဦးကပြောပြခဲ့သည်။ ယခုလပိုင်းအတွင်းက ပြည်တွင်းအကြိုက်ဖြစ်သော Kluger, RAV4, Alphard ကဲ့သို့ကားများ၊ Hilux Surf, Prado, Landcruiser ကားများအား ကြိုတင်ဝယ်ယူမှုများရှိခဲ့သော်လည်း ယခုအချိန်တွင်မူ အဝယ်ရပ်ထားခြင်းများရှိလာကြောင်းသိရသည်။

၂ဝ၁၅ ခုနှစ်တွင်ဖြစ်လာမည့် မူဝါဒအပြောင်းအလဲအား စောင့်ကြည့်နေခြင်းဖြစ်ကြပြီး CIF တန်ဖိုးထွက် ရှိလာပြီးနောက်ပိုင်းတွင် အရောင်းအဝယ်ပြန်လည်သွက်လာနိုင်ကြောင်း ခန့်မှန်းထားကြသည်။ လက်ရှိတွင် လုပ်ငန်းသုံးအတွက် မဖြစ်မနေကိုရီးယားကားများသာ အနည်းငယ်အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

Credit: Auto World Journal မှထုတ်နှုတ်ဖေါ်ပြသည်။

Author