လိုင်စင်မဲ့ယာဉ်ဟုတ်၊ မဟုတ်၊ ယာဉ်မှန်၊ မမှန် စစ်ဆေးနေစဉ် ယာဉ်အရောင်းအဝယ်ပြုလုပ်ပါက တည်ဆဲဥပဒေအရအရေးယူသွားမည်

0

Full article

မော်တော်ယာဉ်များကို တရားဝင်မှတ်ပုံတင်ထားသည့် ယာဉ်နှင့် လိုင်စင်မဲ့ယာဉ် ဟုတ်၊ မဟုတ် စစ်ဆေးနေစဉ်အတွင်း လိုင်စင်မဲ့ယာဉ်မဟုတ်ကြောင်း စစ်ဆေးတွေ့ရှိခြင်း မရှိသေးဘဲ ယာဉ်စစ်ဆေးပုံကို ဓါတ်ပုံနှင့် ဗီဒီယို ရိုက်ကာ အပြင်တွင်ဖြစ်စေ၊ အင်တာနက်ပေါ်တွင်ဖြစ်စေ ယာဉ်အရောင်းအဝယ်ပြုလုပ်နေမှုများကို တည်ဆဲဥပဒေအရအရေးယူသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက အသိပေးကြေငြာထားရှိသည်။

ကညနတွင် ယာဉ်မှန်၊ မမှန် စစ်ဆေးပေးခြင်းကို လစဉ် ၁ ရက်နေ့မှ ၂၅ ရက်အထိ လုပ်ဆောင်ပေးသွားမည်ဖြစ်သော်လည်း မော်တော်ယာဉ်သက်တမ်းတိုး လာလုပ်သည့် ကားများကို ဦးစားပေးဆောင်ရွက်ပြီးမှ လုပ်ဆောင်ပေးမည်ဖြစ်သည်ဟုလည်း သိရသည်။

ထို့အပြင် မော်တော်ယာဉ်၏မှတ်တမ်းများ စစ်ဆေးရသည့်အတွက် အချိန်ကြာမြင့်နိုင်ပြီး မူလယာဉ်မှတ်တမ်းပါအချက်အလက်များနှင့် နှိုင်းယှဉ်လျှင် ကွဲလွဲမှုများရှိနေပါက မှတ်တမ်းပါအတိုင်းပြုပြင်ပေးရမည်ဖြစ်ကြောင်းသိရသည်။

" ယာဉ်မှန်မမှန် စစ်ဆေးတာကို ၂၅ ရက်အထိ စစ်ဆေးပေးသွားမယ်။ ဒါပေမယ့် ယာဉ်သက်တမ်းတိုး လာလုပ်တဲ့ ကားတွေကို အရင်လုပ်ပေးပြီးမှပဲရမယ်။ ယာဉ်မှန်၊ မမှန်စစ်ဆေးနေတဲ့အချိန် ယာဉ်အရောင်းအဝယ်ပြုလုပ်ရင် တည်ဆဲဥပဒေအရအရေးယူသွားမယ်။ ယာဉ်မှန်မမှန် လာစစ်တဲ့ကားတွေလည်း အခုနောက်ပိုင်းဆို အရမ်းများလာတယ်။ အကယ်၍ လိုင်စင်မဲ့ without ကားအဖြစ် စစ်ဆေးလို့ တွေ့တယ်ဆိုရင် ချက်ခြင်း အမှုဖွင့်ပြီး တရားစွဲအရေးယူသွားမှာပါ။"ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

မော်တော်ယာဉ် တစ်စီးကို အစိတ်အပိုင်း မမှန်ကန်ဘဲ ပြောင်းလဲ၍ ဖောက်စွပ်ပြုလုပ်ခြင်းများ၊ body ပြောင်းလဲခြင်း များကို စစ်ဆေးတွေ့ရှိပါက ယာဉ်နှင့်သက်ဆိုင်သော အုံနာဘုတ် ၊ဝှီးတက် အစရှိသည့် ကညနမှထုတ်ပေးထားသည့်စာရွက်စာတမ်းများကို သိမ်းဆည်းသွားမည်ဖြစ်ရာ မော်တော်ယာဉ်များကိုဝယ်ယူရာတွင် မိမိဝယ်ယူမည့်ယာဉ်အား သက်ဆိုင်ရာ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနရုံးတွင် ယာဉ်မှန်၊မမှန် စစ်ဆေးပြီးမှ ဝယ်ယူသင့်ကြောင်းအသိပေးကြေငြာထားရှိသည်။

Law Enforcement

Author