ဘယ်မောင်းဦးစားပေး မူဝါဒကြောင့် ကားအရောင်းစင်တာ ၇ဝ ခန့် ပိတ်သိမ်းထားပြီး ၂ဝ၁၉ အကုန်တွင် ကားအရောင်းစင်တာ အားလုံး ပိတ်သိမ်းလာနိုင်

0

Full article

ပြည်ပနိုင်ငံမှ မော်တော်ယာဉ်တင်သွင်းခွင့်မူဝါဒသတ်မှတ်ချက်တွင် ၂ဝ၁၈ ခုနှစ်မှစတင်၍ ဘယ်မောင်းကားများကိုသာ ဦးစားပေး တင်သွင်းခွင့်ပြုထားသောကြောင့် တစ်ပတ်ရစ် ဂျပန်နိုင်ငံထုတ် ညာမောင်းကားများ တင်သွင်းရောင်းချနေသည့် အရောင်းစင်တာ ၈ဝ နီးပါးမှာ ပိတ်သိမ်းခဲ့ရပြီး ၂ဝ၁၉ နှစ်အကုန်တွင်ကား အရောင်းစင်တာအားလုံး ပိတ်သိမ်းဖွယ်ရှိလာနိုင်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တစ်ဆင့်သိရသည်။

တစ်ပတ်ရစ်ကားများ တင်သွင်းခွင့်မရှိတော့သည့်အတွက် ကားအရောင်းစင်တာများ ပိတ်သိမ်းရန် တင်ပြလာရာ အရောင်းစင်တာပိတ်သိမ်းရန် သက်ဆိုင်ရာဌာနသို့ အရောင်းစင်တာပိတ်သိမ်းမည်ဖြစ်ကြောင်းတင်ပြ၍ ငွေစာရင်းရှင်းတမ်းများ deposit ထားရှိခြင်း၊ အခွန်ကိစ္စရှင်းလင်းစေခြင်း၊ မော်တော်ယာဉ်များ လက်ကျန်ရောင်းချ၊ ငွေလွှဲလက်ကျန် စာရင်းရှင်းလင်းစေခြင်း တို့အားပြုလုပ်ပြီးမှသာ အရောင်းစင်တာ ပိတ်သိမ်းခွင့်ပြုခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

"အခုထိ ကားအရောင်းစင်တာတွေ ပိတ်သိမ်းလိုက်တာ ၈ဝ လောက်ရှိပါတယ်။ အရောင်းစင်တာပိတ်သိမ်းမယ်ဆိုရင် ငွေစာရင်းရှင်းတမ်းတွေ ပြီးပြတ်အောင်လုပ်ဆောင်ရမယ်။ ပြည်ပကုမ္ပဏီ consignment (အပ်ကုန်စနစ်) နဲ့ တင်သွင်းပြီးတော့ စာရင်းရှင်းတာတွေ လုပ်ဆောင်ပြီးမှ ပိတ်သိမ်းလို့ရပါမယ်။ ၂ဝ၁၉ နှစ်ကုန်လောက်ဆိုရင်တော့ အရောင်းစင်တာအားလုံးပိတ်သွားနိုင်ပါတယ်။"ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ညာမောင်းကားတင်သွင်းမှု ပိတ်လိုက်ခြင်းနှင့် ကားတင်သွင်းရမည့် မိုဒယ်သတ်မှတ်ချက်များ မြှင့်လိုက်ခြင်းကြောင့် ပြည်ပနိုင်ငံမှ ဘယ်မောင်းကားတင်သွင်းမှုနည်းလာပြီး ပြည်တွင်း၌ SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်နေသော ကားများနှင့် ယခင်နှစ်များမှ တင်သွင်းထားသော လက်ကျန်ရှိနေသည့် ကားများသာ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်အတွင်းတွင် ကားအရောင်းစင်တာနှင့် ကားအရောင်းပြခန်းပေါင်း ၂ဝဝ ကျော် ဖွင့်လှစ်ထားခဲ့ရာ အရောင်းစင်တာ ၈ဝ နီးပါးပိတ်သိမ်းခဲ့ရာတွင် ဂျပန်အသုံးပြုပြီးကားများ ရောင်းချသည့် ကားအရောင်းစင်တာအများစု ပိတ်သိမ်းခဲ့ခြင်းဖြစ်ပြီး ထိုကားအရောင်း စင်တာများထဲတွင် စီးပွား/ကူးသန်းဝန်ကြီးဌာနထံ စာရင်းရှင်းတမ်းများ ပြုလုပ်မထားသည့် ကုမ္ပဏီများစွ ာကျန်ရှိနေသေးကြောင်းလည်း သိရသည်။

Author