Full article

ရန်ကုန်၊ ဇူလိုင် ၁၃

လက်ရှိရေးဆွဲလျက်ရှိပြီး အငြင်းပွားမှုများဖြစ်ပေါ်နေသည့် မော်တော်ယာဉ်မူဝါဒ၌ ဘယ်မောင်းမော်တော်ယာဉ်များသာ တင်သွင်းခွင့်ပြုမည်ဆိုသည့် ဥပဒေမှာ ပါဝင်ရန်သေချာကြောင်း အဆိုပါ မူဝါဒ ရေးဆွဲရေးအဖွဲ့ထံမှ သိရသည်.။

မြန်မာနိုင်ငံ၏ ယာဉ်မောင်းစနစ်မှာ လက်ယာကပ်မောင်းဖြစ်ခြင်းကြောင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရန် ဘယ်မောင်းယာဉ်များသာ တင်သွင်းခွင့်ပြုရန် ထည့်သွင်းရေးဆွဲခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ဆိုသည်.။

"မှားနေတာကြီးကို ကျွန်တော်တို့ ထပ်မှားလို့မဖြစ်တော့ပါဘူး။ ပြင်မှရပါတော့မယ်" ဟု မော်တော်ယာဉ်မူဝါဒ ရေးဆွဲရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ကျော်က The Voice သို့ ပြောကြားသည်.။

ယခင်က နိုင်ငံ့စီးပွားရေးအခြေအနေနှင့် လိုအပ်ချက်များကြောင့် ညာမောင်းမော်တော်ယာဉ်များကို တင်သွင်းခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင်မူ ယာဉ်အန္တရာယ်လျော့နည်းစေရေးကိုသာ လုပ်ဆောင်ရတော့မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဟောင်းလည်းဖြစ်သူ ၎င်းက ဆိုသည်.။

ဘယ်မောင်းမော်တော်ယာဉ်များသာ တင်သွင်းခွင့်ပြုမည်ဆိုသည့် ဥပဒေကို မော်တော်ယာဉ်မူဝါဒ (Automobile Policy) ရေးဆွဲရေး အဖွဲ့အတွင်း အချေအတင် ပြောဆိုဆွေးနွေးလျက်ရှိကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်.။

သို့သော် မော်တော်ယာဉ်ဈေးကွက်အတွင်းနှင့် ဝယ်သူအများစုမှာ ဂျပန်နိုင်ငံထုတ် တစ်ပတ်ရစ်ညာမောင်း မော်တော်ယာဉ်များကိုသာ ကြိုက်နှစ်သက်မှုများပြီး ဈေးနှုန်းနှင့် အခွန်အခမှာလည်း ဘယ်မောင်းမော်တော်ယာဉ်များထက် သက်သာကြောင်း မော်တော်ယာဉ်လုပ်ငန်းရှင်များထံမှ သိရသည်.။

မြန်မာနိုင်ငံတွင် လမ်းစနစ်နှင့် မကိုက်ညီသည့် မော်တော်ယာဉ်များတင်သွင်းခွင့်ပြုထားခြင်းကို အာဆီယံဒေသတွင်း နိုင်ငံအချို့က ထောက်ပြပြောဆိုလျှက်ရှိပြီး မည်သည့်အတွက်ကြောင့် ယင်းသို့ ခွင့်ပြုထားသနည်းဟု မေးမြန်းမှုများရှိကြောင်း ဦးခင်မောင်ကျော်က ပြောဆိုသည်.။

Tuesday, July 14, 2015 ထုတ် The Voice Daily မှ ကူးယူဖော်ပြသည်.။

www.myanmarcarsdb.com

No. 1 Car Site in Myanmar

Author