ကွန်တိန်နာယာဉ်များအား နည်းပညာဖြင့်စောင့်ကြည့်ရန်အတွက် GPS များတပ်ဆင်ပြီး control center မှတစ်ဆင့်ထိန်းချုပ်ရန် ဆောင်ရွက်သွားမည်

0

Full article

ကွန်တိန်နာယာဉ်များသည် သတ်မှတ်တန်ချိန်ထက်ပို၍တင်ဆောင်နေမှုများရှိနေပြီး၊ နည်းပညာဖြင့်စောင့်ကြည့်နိုင်စေဖို့ ကွန်တိန်နာယာဉ်များတွင် GPS များတပ်ဆင်ပြီး control center မှတစ်ဆင့်ထိန်းချုပ်သွားရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးကုန်စည်ပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

“ကျွန်တော်တို့ YRTA အနေနဲ့ စဉ်းစားထားတာကတော့ ကွန်တိန်နာတစ်ခုတည်းမဟုတ်ပဲ၊ ရန်ကုန်တိုင်းအတွင်းမှတ်ပုံတင်ထားကြသော ကုန်တင်ယာဉ်များအားလုံးကို GPS တပ်ဆင်ပြီး control center ကတစ်ဆင့် နည်းပညာနဲ့စောင့်ကြည့်ထိန်းသိမ်းသွားဖို့ဆိုတာ ကျွန်တော်တို့ရဲ့ မူလအစီအစဉ်ပါ။ ဒီနေရာမှာ အစီးရေများပြားခြင်းနဲ့ တချို့သောကုမ္ပဏီပိုင် ကုန်တင်ယာဉ်တွေမှာ GPS ကို သူတို့အစီအစဉ်နဲ့တပ်ဆင်ပြီးသားတွေရှိပါတယ်။ သူတို့ကတော့ ကိုယ့်ကားဘယ်ရောက်နေပြီလဲ၊ ဘယ်လိုအခြေအနေနဲ့သွားနေလဲဆိုတာသိရဖို့အတွက်ပေါ့။ YRTA ဘက်ကလုပ်ဆောင်မယ့်အပိုင်းတွေက ကားတွေကိုစည်းကမ်းထိန်းသိမ်းရေးဘက်ကနေစောင့်ကြည့်တဲ့နေရာမှာ အထောက်အကူဖြစ်စေဖို့စဉ်းစားထားကြတာဖြစ်ပါတယ်။ ဒီကားတွေဟာ သတ်မှတ်အရှိန်ထက်ပိုမောင်းနေလား၊ သတ်မှတ်လမ်းကြောင်းအတိုင်းမောင်းရဲ့လား၊ သတ်မှတ်ထားတဲ့အချိန်အတိုင်းမောင်းနှင်မှုရှိရဲ့လား ဆိုတာတွေကို စောင့်ကြည့်သွားမယ့်အပြင် နောက်တစ်ချက်က သတ်မှတ်တန်ချိန်ပေါ့။ ရန်ကုန်မှာ ကုန်တင်ယာဉ်တွေဟာ သတ်မှတ်တန်ချိန်ထက်ပိုပြီးတင်ဆောင်ကြတာတွေရှိနေဆဲပါ။ ကုန်တင်ယာဉ်တွေဟာအဝေးပြေးလမ်းမကြီးတွေ ဆောက်လုပ်ရေးလမ်းမကြီးတွေပေါ်မှာတော့ သတ်မှတ်ထားတဲ့ကုန်ချိန်အတိုင်းမောင်းနှင်ကြပေမဲ့ ရန်ကုန်မှာကျတော့ ကုန်စည်စီးဆင်းမှုများပြားခြင်း၊ ယာဉ်စီးရေများပြားခြင်းနဲ့ တကယ်တမ်းလမ်းပေါ်မှာရပ်တန့်စစ်ဆေးမယ်ဆိုရင် ယာဉ်ကြောပိတ်ဆို့မှုကြောင့်အခက်အခဲတွေဖြစ်နိုင်တဲ့အတွက် အခုလို နည်းပညာနဲ့စောင့်ကြည့်ဖို့ဆောင်ရွက်ရတာပါ။ ဒီလိုဆောင်ရွက်နိုင်ဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း နည်းပညာအဖွဲ့ကိုဖွဲ့စည်းပေးထားတာရှိပါတယ်။ ဒီအဖွဲ့ကလည်း အသေးစိတ်စစ်ဆေးပြီး သူတို့ရဲ့တွေ့ရှိချက်တွေကို အစိုးရထံပြန်တင်ပြကြပါတယ်။ နောက်တစ်ခုက နည်းပညာပစ္စည်းတွေတပ်ဆင်တဲ့အခါ  ယာဉ်ပိုင်ရှင်တွေအတွက် အမှားအယွင်းမရှိအောင်၊ အထောက်အကူလည်းဖြစ်အောင်၊ ဝန်ထုပ်ဝန်ပိုးလည်းမဖြစ်အောင်ဆိုတဲ့ အချက်တွေကို ဂရုစိုက်ဆောင်ရွက်ရတဲ့အတွက် လောလောဆယ်တော့ ဆောင်ရွက်နေဆဲလို့ပဲပြောပါရစေ။"

ဟု ရန်ကုန်တိုင်းဒေသကြီးကုန်စည်ပို့ဆောင်ရေးမှ တာဝန်ရှိသူ ဦးအေးအောင်မှပြောကြားခဲ့သည်။

ယာဉ်တန်ချိန် ၂ တန်နှင့်အထက်၊ “ က” ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းလိုင်စင်ရယူထားသည့်ယာဉ်ကို ကုန်တင်ယာဉ်အဖြစ် မှတ်ပုံတင်ပေးပြီး ရန်ကုန်တိုင်းအတွင်း၌ မှတ်ပုံတင်ထားသော ကုန်တင်ယာဉ်အစီးရေ ၅၈,၆၀၀ စီးကျော်ရှိနေကြောင်းသိရသည်။

Author