အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းသည် ချက်ချင်းအကျိုးအမြတ်ရသောလုပ်ငန်းမျိုးမဟုတ်သလို ကုမ္ပဏီ၏ စည်မျဉ်းစည်းကမ်းများနှင့်ရှယ်ယာအချိုးအရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ဟုဆို

0

Full article

အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းသည် ချက်ချင်းအကျိုးအမြတ်ရသော လုပ်ငန်းမျိုးမဟုတ်ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် YUPT ကုမ္ပဏီ၏ စည်းမျဉ်းစည်းကမ်းများနှင့် ရှယ်ယာအချိုးအရ တာဝန်ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှ YRTA ၏ မီဒီယာတွေ့ဆုံပွဲတွင်ပြောကြားခဲ့သည်။

“ကျွန်တော်တို့ YBS စနစ်ကိုပြောင်းတော့မယ်ဆိုတဲ့အခါ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေပြီး ကုမ္ပဏီများဖွဲ့ပါဆိုတဲ့အခါ စတင်ပြီးဖွဲ့စည်းတဲ့ကုမ္ပဏီကလဲ YUPT ပါပဲ။ အဲဒီမှာ ရှယ်ယာပါဝင်လိုတဲ့သူတွေကို ယခင်တုန်းကရှိခဲ့တဲ့ ယာဉ်ပိုင်ရှင်တွေနဲ့ စုစည်းဆွေးနွေးပြီးတော့ ကုမ္ပဏီဖွဲ့စည်းခဲ့ပါတယ်။ မူလဆွေးနွေးစဉ်မှာ ဘယ်လိုရှယ်ယာအကျိုးအမြတ်ကိုခွဲဝေပေးမယ်ဆိုတဲ့ အကြောင်းအရာတွေပါတယ်ဆိုတာ ကျွန်တော့အနေနဲ့ သိရှိခဲ့ရပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ဆွေနွေးမှုတွေကိုပြန်လည်သုံးသပ်ကြည့်တဲ့အခါ တစ်ဦးနဲ့တစ်ဦး ပွင့်ပွင့်လင်းလင်း ရှင်းပြဖို့လိုတယ်လို့ ကျွန်တော့အနေနဲ့သုံးသပ်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ပါဝင်တဲ့ပုဂ္ဂိုလ်တွေကိုကြည့်မယ်ဆိုရင် အရင်တုန်းက မထသ ရန်ကုန်တိုင်းဒေသကြီးမှာပါဝင်ခဲ့တဲ့ပုဂ္ဂိုလ်အများစုဖြစ်နေပါတယ်။  ဒါကြောင့် ဒီလူတွေဟာ ယာဉ်ပြေးဆွဲမှုအကြောင်းကို သိရှိနေတဲ့သူတွေဖြစ်ပါတယ်။ သူတို့တွေကို ပွင့်ပွင့်လင်းလင်းပြောပြခဲ့သင့်ပါတယ်။ တစ်နှစ်နေရင် ဘယ်လောက်အကျိုးအမြတ်ရှိမယ်၊ နှစ်နှစ်နေရင် ဘယ်လောက်အကျိုးအမြတ်ရှိမယ်၊ သုံးနှစ်နေရင် ဘယ်လောက်အကျိုးအမြတ်ရှိမယ် ဆိုပြီးတာဝန်ရှိသူတွေကပြောခဲ့ပေမဲ့ လက်တွေ့မှာဖြစ်မလာခဲ့အတွက် ဒီအချက်လေးကို သူတို့အနေနဲ့ မကျေလည်ပါဘူးလို့ရှယ်ယာရှင်တွေက ပြောခဲ့ကြပါတယ်။ တကယ်စတင်ပြီးလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေအနေနဲ့ကလည်း ရှယ်ယာရှင်တွေကို အများပြည်သူ သယ်ယူပို့ဆောင်ရေးအကြောင်းကို ကျေကျေလည်လည်လေးရှင်းပြဖို့လိုပါတယ်။ အများပြည်သူ သယ်ယူပို့ဆောင်ရေးကိုလုပ်တော့မယ်ဆိုရင် အရင်းအနှီးသုံးမျိုး စိုက်ထုတ်ရပါတယ်။ ပထမအနေနဲ့က ငွေကြေးတွေရင်းနှီးပြီး ယာဉ်တွေ၊ ယာဉ်ရပ်နားကွင်းတွေစတဲ့ နှစ်ကာလကြာရှည်သော ရင်းနှီးမြုပ်နှံမှုကိုဆောင်ရွက်ရပါတယ်။ နောက်တစ်ခုက ဒီယာဉ်တွေက အရင်တုန်းက ပုဂ္ဂလိကယာဉ်ပိုင်ရှင်တွေပြေးဆွဲခဲ့တာဗျ။  ညနေဆိုဒီကားက သူ့အိမ်ရှေ့သူထိုးတယ်။ ရတဲ့ပိုက်ဆံ ယာဉ်ပိုင်ရှင်ဆီကိုအပ်တယ်။ အဲဒီတော့ ကိုယ့်ပိုက်ဆံဘယ်လောက်ရတယ်ဆိုတာ ယာဉ်ပိုင်ရှင်ကသိရတယ်။ ဒါပေမဲ့ ကုမ္ပဏီပုံစံသွားတယ်ဆို ဒီလိုလုပ်လို့မရဘူး။ ကားတွေအကုန်လုံးက ကုမ္ပဏီရဲ့ထိန်းသိမ်းမှုအောက်မှာနေရတယ်။ အဲဒီမှာဘာလိုလာပြီလဲဆိုတော့ စီမံခန့်ခွဲမှုလုပ်ငန်းရပ်တွေလိုလာပြီ။ ကားတွေထိန်းသိမ်းဖို့၊ ရုံးလုပ်ငန်းကိစ္စတွေ၊ စာရွက်စာတမ်းကိစ္စတွေ စတဲ့ စီမံခန့်ခွဲမှုအတွက် စရိတ်တွေလိုလာပါပြီ။ နောက်တစ်ခုက operation ။ ဟိုတုန်းက ယာဉ်ပြေးဆွဲတဲ့အခါ ယာဉ်ပိုင်ရှင်ရယ်၊ စပါယ်ယာရယ်၊ ဒရိုင်ဘာရယ် ရှိရင်ရပြီ။ အခု ကုမ္ပဏီပုံစံမှာတော့ ဆီဖိုးဘယ်လောက်ကျသင့်မယ်၊ အခြားကုန်ကျစရိတ်ဘယ်လောက်ရှိမယ်။ ဒရိုင်ဘာဖိုးကို ပေးရမယ်ဆိုတာတွေကို ကုမ္ပဏီကဆောင်ရွက်လာရပြီ။ ဒီအချက်တွေကို ပေါင်းခြုံကြည့်လိုက်ရင် ဒီလုပ်ငန်းသည် ချက်ခြင်းအကျိုးအမြတ်ရတဲ့လုပ်ငန်းမဟုတ်ဘူး။ ဒါတွေကို အစောကတည်းက ရှင်းပြရမှာပါ။ နောက်တစ်ချက်က တာဝန်ပေးအပ်မှုအပိုင်းပါ။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ဒီကုမ္ပဏီမှာ ကားတွေထည့်သွင်းပံ့ပိုးထားပြီးတော့  ပြည်သူလူထုသယ်ယူပို့ဆောင်ရေးကိုလုပ်ပေးခဲ့ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့အနေနဲ့ ကုမ္ပဏီရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ၊ ရှယ်ယာအချိုးအရ တာဝန်ပေးအပ်မှုတွေကိုဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်။ ဒီအပေါ်မှာ အထင်အမြင်လွဲမှားမှုလေးတွေဖြစ်ခဲ့တယ်လို့သုံးသပ်မိပါတယ်။” ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှပြောကြားခဲ့သည်။

ထို့အပြင် YBS ကုမ္ပဏီများ  အရှုံးပေါ်နေသည်ဟူသော ဝေဖန်မှုများအပေါ်တွင် တွဲဖက်အတွင်းရေးမှူးမှ

“အရှုံးပေါ်တယ်ဆိုတာ ဘာကိုဆိုလိုသလဲဆိုတာကို ပြန်မေးရပါမယ်။ ဥပမာ  YUPT ကို နမူနာပြပါမယ်။ ရှယ်ယာတွေခွဲမပေးနိုင်လို့ ယာဉ်ပိုင်ရှင်တွေနဲ့မကျေမလည်ဖြစ်ကြတယ်ဆိုရင် အခု YUPT ယာဉ်သစ် ၂၀၀ ကျော်ကို ဘယ်ပိုက်ဆံနဲ့ဝယ်သလဲ။ နောက်တစ်ခုက သိန်းပေါင်းတစ်သောင်းလောက်ရှိတဲ့ ငွေကိုရင်းနှီးပြီးတော့ ယာဉ်ပြင်စက်ရုံကြီးကို ဘယ်လို လုပ်နိုင်မလဲ။ ကျွန်တော်ခုနက ပြောသလိုပါပဲ။ ရင်းနှီးမြှုပ်နှံမှု ၃ မျိုးရှိပါတယ်။ ယာဉ်တွေဝယ်တယ်၊ ယာဉ်ရပ်ကွင်းတွေဆောက်တယ်။ ဒါက long-time investment ။ ကားတစ်စီးကို သိန်းတစ်ထောင်တန်တယ်ဆိုပါစို့ သူ့ရဲ့အရင်းကြေကာလကို ၅ နှစ်လို့သတ်မှတ်လိုက်ရင် အဲဒီ ၅ နှစ်ပြည့်လို့ အဲဒီယာဉ်အရင်းကြေသွားရင် ကျွန်တော်တို့လက်ထဲမှာ ကားကျန်ခဲ့မှာပါ။ နောက်တစ်ခုက နေ့စဉ်ပြေးဆွဲနေတဲ့ ဒရိုင်ဘာခတွေ၊ ဆီဖိုးတွေ၊ ဒါတွေအတွက်လုံလောက်မှုရှိပါတယ်။ ပြေးဆွဲနိုင်ပါတယ်။ နောက်တစ်ခုက ဝန်ထမ်းတွေခန့်တယ်၊ စာရွက်စာတမ်းကိစ္စတွေလုပ်ရယ်။ သူတို့ကို လခတွေပေးရတယ်။ ဒါအတွက်လည်းလုံလောက်ပါတယ်။ ဒါတွေအဆင်ပြေနေလို့ ကျွန်တော်တို့ဆက်လက်ပြေးဆွဲနိုင်တာပါ။ တကယ်လို့ရှုံးရင် ကားတွေရပ်သွားမှာပေါ့။ လုပ်ငန်းသဘောသဘာဝကို နားလည်ပေးစေချင်ပါတယ်။” ဟုဆက်လက်ပြောကြားခဲ့သည်။

Author