မော်တော်ယာဉ်မှတ်ပုံတင်ထားသူအမည်ပြောင်းလဲရာတွင် ကားတန်ဖိုး၏ ၅% သို့လျှော့ချကောက်ခံသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ အကြံပြုဆွေးနွေးခဲ့

0

Full article

မော်တော်ယာဉ်မှတ်ပုံတင်ထားသူအမည်ပြောင်းလဲရာတွင် ကားတန်ဖိုး၏ ၅% သို့လျှော့ချကောက်ခံသင့်ကြောင်းနှင့် တစ်ဆင့်ပြန်လည်ဝယ်ယူသူများအနေဖြင့်၊ ဝယ်ယူသည့်နေ့မှ ၆ လအတွင်း မိမိနာမည်ပြောင်းရန် သတ်မှတ်သင့်ကြောင်းကို ၂၀၁၉ သြဂုတ် ၂၃ ရက်နေ့တွင်ကျင်းပခဲ့သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ အကြံပြုဆွေးနွေးခဲ့သည်။

“ မူလအမည်ပေါက်ကားပိုင်ရှင်များထံမှ တစ်ဆင့်ပြန်လည်ဝယ်ယူသုံးစွဲသူများကို စတင်ဝယ်သည့်နေ့မှ ၆ လအတွင်း မိမိနာမည်ပြောင်းရန်သတ်မှတ်သင့်ကြောင်းကို တင်ပြလိုပါတယ်။ လက်ရှိအခြေအနေအရ ကားဝယ်ယူသူများဟာ ၁၅ % မှ ၃၀ % ဆိုတဲ့မြင့်မားတဲ့ အခွန်နှုန်းထားများကြောင့် အမည်မပြောင်းကြတော့ပါဘူး။ နိုင်ငံတော်ဘဏ္ဍာငွေလည်းမရတော့ပါဘူး။ အဲဒီအစား ကားတန်ဖိုးအလိုက် ၅% ထက်မများသောအခွန်သို့လျှော့ပေါ့ပေးကာ လွယ်ကူသောနည်းဖြင့် ကားပိုင်ရှင်တိုင်း မိမိအမည်ပေါက်လုပ်ခွင့်ပေးပါက အခွန်ငွေများ တိုးတက်လာနိုင်သလို ယာဉ်နှင့်ဆက်နွယ်သောတရားဥပဒေနှင့်မလွတ်ကင်းသည့် အမှုများ ကွင်းဆက်လိုက်ရာတွင်လည်း လွယ်ကူလာစေနိုင်ကြောင်း အကြံပြုတင်ပြလိုပါတယ်” ဟု ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့တွင်ကျင်းပခဲ့သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၅ မှ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်းမှ “ ကားများကို အမည်ပေါက်ထားစေခြင်းဖြင့် ဝင်ငွေခွန်တိုးတက်စေခြင်းနှင့် တရားဥပဒေစိုးမိုးမှု အားကောင်းလာစေခြင်း” ခေါင်းစဉ်ဖြင့် အကြံပြုဆွေးနွေးခဲ့ကြောင်းသိရသည်။


၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် ၊ ပထမ (၆) လတွင် မော်တော်ယာဉ်၊ ယာဉ်မောင်းလိုင်စင်နှင့် လုပ်ငန်းလိုင်စင်ဆိုင်ရာ အခငွေများမှ ကောက်ခံရန်လျာထားချက် ကျပ် ၅၈,၀၇၇.၉၂၄ သန်းလျာထားခဲ့ပြီး ကောက်ခံရရှိငွေမှာ ကျပ် ၁၁၃, ၇၈၆. ၇၃၇ သန်းဖြစ်သောကြောင့် ၁၉၅.၉၂ % ပိုမိုကောက်ခံရရှိခဲ့ခြင်းဖြစ်ပြီး ပြည်ပတင်သွင်းယာဉ်များအချိန်မီ လာရောက်ဆောင်ရွက်ခြင်းမပြုပါက ဒဏ်ကြေးငွေကောက်ခံခြင်းကြောင့်လည်းကောင်း၊ မော်တော်ဆိုင်ကယ် ကနဦးမှတ်ပုံတင်လုပ်ငန်းဆောင်ရွက်ခြင်းကြောင့်လည်းကောင်း၊ နှစ်လဲမှတ်ပုံတင်ဆောင်ရွက်သောယာဉ်စီးရေနှင့်ယာဉ်မောင်းလိုင်စင်စောင်ရေတိုးတက်များပြားလာခြင်းကြောင့်လည်းကောင်း၊ ၈ - ၁၀ - ၂၀၁၈ ရက်နေ့မှစတင်ကာ ယာဉ်မောင်းလိုင်စင်နှုန်းထားများပြောင်းလဲကောက်ခံခြင်းကြောင့်လည်းကောင်း ယခုကဲ့သို့ပိုမိုကောက်ခံရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိကျင့်သုံးနေသော ၂၀၁၅ မော်တော်ယာဉ်ဥပဒေ ပုဒ်မ ၅၅ တွင် မော်တော်ယာဉ်မှတ်ပုံတင်ထားသူအမည်ပြောင်းလဲနိုင်ရေးကို အရောင်းအဝယ်စာချုပ်ချုပ်ဆိုသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း လျှောက်ထားရမည်ဟုသတ်မှတ်ထားပြီး ပျက်ကွက်ပါက ကျပ်တစ်သိန်းထက်မပိုသော ဒဏ်ငွေချမှတ်သွားမည်ဟု သတ်မှတ်ထားသည့်အပြင် ယခုထပ်မံရေးဆွဲနေသော “ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေမူကြမ်း” တွင်လည်း အဆိုပါအချက်ကို ပုဒ်မ ၆၉ တွင်ထည့်သွင်းရေးဆွဲထားပြီး၊ ပျက်ကွက်ပါက သုံးသိန်းထက်မပိုသော ဒဏ်ငွေချမှတ်သွားမည်ဟု ထည့်သွင်းရေးဆွဲထားကြောင်းသိရသည်။

Author