စူပါ လျှပ်စစ်ကားအဖြစ် 2020 Tesla Roadster မှာပါလာမယ့်အချက်တွေ

0

Full article

လောလောဆယ်မှာ အတိအကျကြီးလားဆိုတော့လည်း မဟုတ်သေးဘူးဗျ။ 2020 မှာ Tesla Roadster အသစ်ထွက်လာဖို့ကတော့ ရေရာတယ်။ ဒါပေမဲ့ ကြားရတဲ့သတင်းတွေအရ ပစ္စုပ္ပန်အလွန် electric supercar တစ်စီးမှာ ပါလာမယ့် spec တွေကို ကြိုတင်ရင်ခုန်ရတာကတော့ အရသာတစ်မျိုး ရနိုင်မယ်လို့မျှော်လင့်ပါတယ်။

2020 Tesla အသစ်ဟာ လျှပ်စစ်ကားနယ်ပယ်ရဲ့ စိတ်ဝင်စားမှုတွေအားလုံးကို သိမ်းကျုံးရယူနေတာဟာ စတင်ထုတ်လုပ်ကတည်းကပါပဲ။

စူပါလျှပ်စစ်စီးတော်ယာဉ်အသစ်ကို ဖွင့်ထုတ်ပြသလိုက်တဲ့အချိန်ကစပြီး New Roadster အတွက် 1.9-second ထဲနဲ့ 0-60mph အရှိန်နှုန်း၊ 620-mile အထိရမယ့် range စတဲ့ ကြွေလောက်စရာ spec တွေနဲ့ထွက်ရှိလာမှာပါလို့  Tesla က အခိုင်အမာဆိုလိုက်ပါတယ်။

အခြား supercar ထုတ်လုပ်သူတွေကတောင်

“ဒါဟာ လျှပ်စစ်ကားတွေရဲ့ စံနှုန်းကို မြင့်တက်သွားစေပါတယ်”

ဆိုပြီး ထုတ်ဖေါ်ဝန်ခံကြရတဲ့အထိပါပဲ။

CEO ဖြစ်သူ Elon Musk ကတော့ ဒါတွေဟာ “အခြေခံ spec” ပဲရှိပါသေးတယ်လို့ ကျီစယ်နေခဲ့ပြီး တခြား versions မှာဆိုရင် ရူးသွပ်လောက်စရာ စွမ်းရည်တွေနဲ့ပြည့်နေမှာပါလို့ ဆိုနေခဲ့တယ်။

အဲဒီနောက်ပိုင်း Musk က ဒုံးစက်အငယ်စား ၁၀ လုံး (10 small rocket thrusters) တပ်ဆင်ပေးထားတဲ့ “SpaceX package” နဲ့ Tesla ကိုပါ မှာယူနိုင်ဦးမှာလို့ပြောခဲ့တာပါ။

“Tesla အသစ်မှာ SpaceX ရွေးချယ်စရာ package ပါလာမယ်။ ကားမှာ ဒုံးစက်အသေး ၁၀ လုံး တန်းစီပြီး တပ်ဆင်ထားတာမျိုးနဲ့ပေါ့။ ဒီဒုံးစက်အင်ဂျင်တွေက အရှိန်၊ မြန်နှုန်း၊ ဘရိတ်ပိုင်းနဲ့ ချိုးကွေ့မှုအပိုင်းတွေကို အစွန်းဆုံးမြှင့်တင်ပေးမှာ။ အဲဒီဒုံးစက်တွေက Tesla ကို လေပေါ်တောင်မှာ ပျံသန်းကောင်း ပျံသန်းနိုင်စေမှာပါ” ဆိုပြီး Musk ကသူ့ရဲ့ Twitter မှာရေးသားထားခဲ့တာပါ။

Twitter မှာ ဒီလိုရေးသားခဲ့မှုအတွက် ပြက်လုံးလားဆိုပြီး ဝိုင်းမေးကြတဲ့အပေါ်မှာတော့ Musk ကအခုလိုတုန့်ပြန်ခဲ့ပါသေးတယ်။

“Pack ရဲ့ပါဝါထုတ်လွှတ်မှု အမြင့်ဆုံးကနေကျလာပြီဆိုရင် COPV (Composite Overwrapped Pressure Vessel) ထဲကို လျှပ်စစ် pump တစ်ခုကနေပြီး လေအားဖြည့်တင်းတာနဲ့ ပေါင်းလိုက်မယ်ဆိုရင်တော့ ဒါဟာ အဓိပ္ပါယ်ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဆက်လျှောက်ရမယ့်လမ်းကတော့ အဝေးကြီးရှိပါသေးတယ်” လို့ ရေးသားခဲ့တာပါ။

Elon ညွှန်းဆိုခဲ့တာက သူတို့လွှတ်တင်ခဲ့တဲ့ ဒုံးပျံ Falcon 9 ရဲ့ ဒုတိယ အဆင့်မှာ အသုံးပြုထားတဲ့ “adapted cold gas thrusters” တွေကို ပြုပြင်မှုတွေပြုလုပ်ပြီး အသုံးပြုဖို့ဖြစ်ပါတယ်။ လွယ်လွယ်ပြောရရင် အာကာသထဲကို လွှတ်တင်မယ့် ဒုံးပျံယာဉ်မှာအသုံးပြုတဲ့ ဒုံးစက်တွေကို ကားနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြီး တပ်ဆင်ပေးမယ်ဆိုတဲ့ သဘောပါပဲ။

YouTube မှာတင်ခဲ့တဲ့ 2020 Tesla Roadster ကြော်ငြာမှာတော့ Musk ဟာ Daft Punk ရဲ့ “Harder, Better, Faster, Stronger” သီချင်းကို နောက်ခံအဖြစ်အသုံးပြုခဲ့တာတွေ့ရတယ်။ ဒါဟာ ပိုပြီးမာကျော၊ ပိုပြီးကောင်းမွန်၊ ပိုပြီးမြန်ဆန်၊ ပိုပြီးအားကောင်းတဲ့ Tesla Roadster အသစ်ကို ရည်ညွှန်းတာပါလို့လည်းဆိုထားပါတယ်။

Roadster ရဲ့ ရှေ့ပြေးပုံစံကို ဖွင့်ထုတ်ပြသရင်းနဲ့ Musk က Tesla ရဲ့ရည်မှန်းချက်ဟာ လောင်စာဆီသုံးကားတွေရဲ့ လွှမ်းမိုးမှုတွေကို ဖြစ်နိုင်ခြေရှိသမျှ အကောင်းဆုံးစူပါကားဆိုတာ လျှပ်စစ်နဲ့မှ ဆိုတဲ့အချက်နဲ့ ချေဖျက်ပြီး လောင်စာဆီသုံးကားတွေကို အလဲထိုးမယ့် ထုတ်လုပ်ဖြန့်ချိမှုတွေလုပ်ဆောင်ဖို့ပါပဲ လို့ဆိုပါတယ်။

ပါဝင်မယ့် specs တွေကတော့ လုံးဝအလန်းစားပါပဲ။ ဘယ်လောက်အထိ လက်တွေ့ကျမလဲဆိုတာကတော့ အမှန်တကယ်ထွက်လာမှပဲ သိကြရမှာဖြစ်ပါတယ်။ ဒါပေမဲ့ … စိတ်ဝင်စားသူတွေအတွက်တော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်နေမှာ သေချာပါတယ်။

Ref: Tesla Roadster 2020 spec ad will get you excited for the electric supercar by Fred Lambert

Author