ရာထူးမှနှုတ်ထွက်သွားသော စက်မှုဝန်ကြီးဦးခင်မောင်ချို၏ နေရာအား စီမံ/ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးဝင်း ပူးတွဲတာဝန်ယူသွားမည်

0

Full article

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းအား ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့မှစတင်ကာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတာဝန်ကိုပါ ပူးတွဲထမ်းဆောင်စေလိုက်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ်၊ ၃၄/၂၀၁၉ အရသိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့က စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ယင်း၏သဘောဆန္ဒအလျောက် ရာထူးမှနှုတ်ထွက်ခဲ့သည့်အတွက် လစ်လပ်နေသောစက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာအား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းမှ ပူးတွဲတာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။ ဝန်ကြီးဦးစိုးဝင်းကို ၁၉၃၈ ခုနှစ်တွင် မော်လမြိုင်မြို့၌မွေးဖွားခဲ့ပြီး လက်တလောတွင် အသက် ၈၁ နှစ်ရှိပြီဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ စီးပွားရေးကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး Deloitte Touche Myanmar Vigour Advisory ၏ မြန်မာပြည်အုပ်ချုပ်မှုပိုင်းဆိုင်ရာကိုယ်စားလှယ် Country Managing Partner အဖြစ် လုပ်ကိုင်ခဲ့ဖူးသည်။ ဝိဇ္ဇာ၊ ဥပဒေဝိဇ္ဇာ၊ စီမံခန့်ခွဲရေးဒီပလိုမာ (BA, BL, DMA) တို့ကို ရရှိခဲ့သူဖြစ်ပြီး မြန်မာ့စီးပွားရေးဘဏ်တွင် ဒုတိယ မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး မြန်မာ နိုင်ငံတကာ ကုန်သွယ်မှုဘဏ်တွင်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရာထူးကို ယခင်နှုတ်ထွက်သွားသော ပြည်ထောင်စုဝန်ကြီးဟောင်း ဦးကျော်ဝင်းနေရာတွင် ၂၀၁၈ ခုနှစ်၊ မေလ ၃၁ ရက်နေ့က စတင်တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်တွင် စီမံကိန်းရေးဆွဲရေးဌာန၊ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန၊ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်၊ မြန်မာ့အာမခံလုပ်ငန်း၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပင်စင်ဦးစီးဌာန၊ အခွန်အယူခံခုံအဖွဲ့ရုံး၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဟူ၍ လုပ်ငန်းဌာနခွဲပေါင်း ၁၈ ခုရှိနေပြီး စက်မှုဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီးရုံး၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်း နှင့် မြန်မာ့ဆေးဝါးလုပ်ငန်း ဟူ၍ လုပ်ငန်းဌာနခွဲပေါင်း ၇ ခု ရှိနေကြောင်းသိရသည်။

Reporter : Zing

Author