အခွန်ဌာနအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ပကတိအခြေအနေကိုလက်ခံရန်၊ အခွန်ဆောင်သူများ လွယ်ကူအဆင်ပြေသောနည်းဖြင့် အခွန်ဆောင်နိုင်ရန်အတွက် ဆောင်ရွက်ပေးရန်နှင့် အခွန်ဆောင်သူများကို အသိအမှတ်ပြုမှုအားနည်းသေးကြောင်း MAMDA ဥက္ကဋ္ဌ ပြောကြား

0

Full article

အခွန်ဌာနအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ပကတိအခြေအနေကို လက်ခံရန်၊ အခွန်ထမ်းဆောင်သူများအတွက် online စနစ်ကဲ့သို့သော အဆင်ပြေလွယ်ကူစွာအခွန်ဆောင်နိုင်မည့်အနေအထားမျိုး ဆောင်ရွက်ပေးရန်နှင့် အစိုးရအနေဖြင့် အခွန်ဆောင်သူများကို အသိအမှတ်ပြုမှုအားနည်းနေသေးကြောင်း မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း( Myanmar Automobile Manufacturers And Distributors Association – MAMDA) ၏ ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းမှပြောကြားခဲ့သည်။

“ကားတစ်စီးကို သိန်း ၂၀၀ နဲ့ဝယ်ပြီး သိန်း ၂၁၀ နဲ့ပြန်ရောင်းတယ်ဆိုရင် မြတ်တဲ့ ၁၀ သိန်းကို အခွန်ဆောင်ရတယ်ပေါ့။ ဒါပေမဲ့ ရှုံးသွားရင်၊ အရှုံးပြရင် လက်ခံ/ မခံ ဆိုတဲ့ပြဿနာကရှိပြန်ရော။ အရှုံးပြရင် များသောအားဖြင့် လက်ခံသူမရှိဘူးဖြစ်နေတယ်။ ဒါ ကျွန်တော်တို့လက်ရှိကြုံတွေ့နေရတဲ့ဟာပါ။ အရှုံးပြရင် လက်ခံဖို့ဟာမှာ ကျွန်တော်တို့အခွန်ဌာနမှာ ပြဿနာရှိနေတယ်။ ဒါဟာ ကားဖြစ်ဖြစ် အိမ်၊ ခြံ၊ မြေ ဖြစ်ဖြစ် အရှုံးပြလက်ခံမှုဆိုတာ နည်းပါတယ်။ လက်ရှိအခြေအနမှာက အမြဲတမ်း အမြတ်ချည်းမရှိပါဘူး။ ဒါလေးတစ်ချက်တော့ အခွန်ဌာနကိုတင်ပြချင်ပါတယ်။ ဌာနအနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ဈေးကွက်အခြေအနေနဲ့  လက်တွေ့ပကတိအခြေအနေ၊ current အနေအထားကို လက်ခံပေးဖို့ တင်ပြချင်ပါတယ်။” ဟု မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း (Myanmar Automobile Manufacturers And Distributors Association – MAMDA) ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းမှ MRTV ရုပ်သံလိုင်း၏ မေးမြန်းဖြေကြားလူမှုစီးပွား အစီအစဉ်တွင်ပြောကြားခဲ့သည်။
ထို့အပြင် အခွန်ဆောင်သူများ လွယ်ကူသက်သာသောနည်းလမ်းဖြင့် အခွန်ထမ်းဆောင်နိုင်ရန်နှင့်ပတ်သက်ပြီး “ အခွန်ထမ်းဆောင်တဲ့နေရာမှာလည်း တကယ်တမ်းတော့ကျွန်တော်တို့ဆီမှာမလွယ်ဘူး။ အခွန်ကောက်တဲ့သူကကောက်ပေမယ့်၊ တကယ်တမ်းအခွန်သွားဆောင်တဲ့အခါမှပဲ အဲဒီအခြေအနေမှန်ကိုသိရတာပါ။ ဌာနအနေနဲ့လည်း စနစ်ကိုပြောင်းရင်ပြောင်း၊ မပြောင်းရင် ဌာန ဖွဲ့စည်းပုံကိုတိုးချဲ့သင့်ပါတယ်။ အွန်လိုင်းစနစ်လိုဟာမျိုးဖြစ်ရင်တော့ ကောင်းတာပေါ့။ အခုက အွန်လိုင်းမဟုတ်တဲ့အခါကျ ခက်ခဲတာပေါ့။ တံဆိပ်ခေါင်းခွန်လိုဟာမျိုးတောင် မနက် ၆ နာရီလောက်ကတည်းကတန်းစီပြီးစာအုပ်ထပ်နေရပါတယ်။ မတ်တပ်တောင်ရပ်လို့မရတာမျိုးတွေဖြစ်နေပါတယ်။ ဒီတော့ အခွန်ထမ်းပြည်သူတွေကို တစ်ဖက်ကနေ အခွန်ဆောင်ဖို့ ပညာပေးတာတို့ထက်စာရင် အခွန်ဆောင်သူတွေကို လွယ်ကူအောင်ဘာလုပ်ပေးမလဲဆိုတာမျိုးတွေစဉ်းစားသင့်ပါတယ်။ ဘာတွေအခက်အခဲတွေရှိတယ်၊ ဘယ်လိုအဆင်ပြေအောင်လုပ်ပေးမလဲဆိုတာတွေကလည်းအရေးကြီးပါတယ်။ ဒါလေးကိုလည်းပြင်သင့်ပါတယ်။” ဟုဆက်လက်ပြောကြားခဲ့သည်။
ထို့အပြင် အစိုးရအနေဖြင့် အခွန်ထမ်းများကို အသိအမှတ်ပြုမှုအားနည်းနေသေးကြောင်းနှင့်စပ်လျဉ်းပြီး “နောက်တစ်ချက်က အခွန်ထမ်းဆောင်တဲ့သူတွေကို အသိအမှတ်ပြုတာလည်း အားနည်းနေပါသေးတယ်။ ဥပမာ မှတ်ပုံတင်၊ သန်းခေါင်စာရင်းရှိတဲ့သူတိုင်းကို ကားသွင်းခွင့်ပေးတယ်ပေါ့။ တကယ်တမ်းဖြစ်သင့်တာက အခွန်ဆောင်တဲ့သူတိုင်းကားသွင်းခွင့်ပေးတယ်လို့ ဖြစ်သင့်တာပါ။ အခြားလုပ်ငန်းတွေမှာလည်းအတူတူပဲ။ ဥပမာ လုပ်ငန်းတင်ဒါခေါ်တာမျိုးတွေပေါ့။ အခွန်ဆောင်ဆောင်/မဆောင်ဆောင် ရမယ့်အခွင့်အရေးကအတူတူပဲဖြစ်နေတယ်။ အဲဒီတော့ အခွန်များများဆောင်တဲ့သူက ပိုက်ဆံများများကုန်တာပဲရှိသလိုဖြစ်နေယ်။ ဒီနောက်ပိုင်းတော့ ပွဲလေးတွေလုပ်လာတာတော့ရှိပါတယ်။ အခွန်အများဆုံးထမ်းသူ ၁၀၀ တွေဘာတွေပေါ့။ သို့သော်လည်း ဖြစ်သင့်တာက လူတွေအခွန်ဆောင်ချင်လာအောင် အခွန်ဆောင်မှတင်ဒါထည့်ခွင့်ပေးမယ်ဆိုတာမျိုးပေါ့။ ဒါဆိုရင်တော့ရှင်းပါတယ်။ အခွန်ဘယ်လောက်ဆောင်မှ ဘာပေးမယ်ဆိုရင် လူတိုင်းကအခွန်ဆောင်လာမှာပါ။ အခုဟာက အခွန်ဆောင်တဲ့လူတွေအတွက်အခွင့်အရေးပေးတာနည်းတဲ့အတွက် အခွန်ဆောင်ချင်စိတ်နည်းတာလို့မြင်ပါတယ်။” ဟု ပြောကြားခဲ့သည်။


အဆိုပါအစီအစဉ်တွင် မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း၊ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်၊ စီးပွားရေးဆောင်းပါးရှင် ဆရာအောင်ချိန်ဘွားတို့ ပါဝင်ခဲ့ပြီးတက်ရောက်လာသူများမှ အခွန်နှင့်ပတ်သတ်သည့် သိလိုသောမေးခွန်းများကို ဖြေကြားခြင်းနှင့် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။

Author