Online မှတစ်ဆင့် မော်တော်ယာဉ်ရှာဖွေဝယ်ယူမှုများပြားလာသော မြန့်မာကားဈေးကွက်နှင့် အတူ ကြည့်ရှုမှုနှုန်း စံချိန်တင်ခဲ့သည့် CarsDB

0

Full article

၂၀၁၉ နိုဝင်ဘာစာရင်းများအရဆိုလျှင် မြန်မာနိုင်ငံရှိ မှတ်ပုံတင်ပြီးသော မော်တော်ယာဉ်စာရင်းမှာ ၁၁ သိန်းကျော်အထိရှိနေပြီဖြစ်သည်။ နိုင်ငံအတွင်း မော်တော်ယာဉ်အရေအတွက်မှာ တစ်ရိပ်ရိပ်တိုးတက်လာသည်နှင့်အမျှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ယာဉ်ကြောထိန်းသိမ်းရေးနည်းစနစ်များမှာမူ အချိန်နှင့်တစ်ပြေးညီ ပိုမိုကောင်းမွန်လာရန် လိုအပ်လျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ပြည်တွင်းမော်တော်ယာဉ်လိုအပ်ချက်နှင့်အညီ တရုတ်နိုင်ငံမှ မော်တော်ယာဉ်အမှတ်တံဆိပ်များသာမက ကမ္ဘာကျော်မော်တော်ယာဉ်အမှတ်တံဆိပ်များသည်လည်း မြန်မာ့ကားဈေးကွက်အတွင်းသို့ စုပြုံဝင်ရောက်လာနေသောကြောင့်ဖြစ်၏။

လက်ရှိဈေးကွက်သည် ကားသစ် (Brand New) ဦးစားပေးဈေးကွက်ဖြစ်လာသည်နှင့်အညီ တစ်ပတ်ရစ်ကားဈေးကွက်မှာ သိသိသာသာကျဆင်းမသွားသော်လည်း SKD စနစ်ဖြင့်တပ်ဆင်ထုတ်လုပ်ထားသောကားများအပါအဝင် ကားသစ်များ၏ရောင်းအားမှာ ၂၀၁၉ တစ်နှစ်တည်းမှာပင် ထူးထူးခြားခြားမြင့်တက်လာခဲ့သည်ကိုတွေ့ရသည်။ AAM (Automotive Association of Myanmar) ၏ စာရင်းများအရဆိုလျင် ၂၀၁၉ ဇန်နဝါရီလအတွင်း ကားသစ်ရောင်းအားမှာ ၁,၇၄၀ စီးအထိရှိခဲ့ရာမှာ နိုဝင်ဘာလရောင်းအားမှာမူ ၂,၃၀၀ ကျော်ရှိလာသည်အထိ မြင့်မားလာခဲ့သည်။ အဆိုပါစာရင်းတွင် မြန်မာနိုင်ငံ၌ SKD စနစ်ဖြင့်ထုတ်လုပ်ရောင်းချလျက်ရှိသော Suzuki အမှတ်တံဆိပ်မော်တော်ယာဉ်များ၏ ရောင်းအားမှာ အစီးရေအားဖြင့် ဈေးကွက်ဝေစု၏ ထက်ဝက်ကျော်ကို စိုးမိုးထားသည်ကိုလည်းတွေ့ရ၏။ မည်သို့ဆိုစေကာမူ မြန်မာနိုင်ငံ၏ ကားသစ် ဝယ်လိုအားမှာ ၂၀၁၉ အတွင်း ကြီးမားသည့်အပြောင်းအလဲတစ်ခုအဖြစ်ဖြင့် ဆထက်ထမ်းပိုးတိုးတက်လာသည်မှာတော့အမှန်ပင်။

နောက်ထပ်ကြီးမားသည့်အပြောင်းအလဲမှာ အင်တာနက်ခေတ်ဖြစ်သည်နှင့်အညီ အွန်လိုင်းမှတစ်ဆင့် မော်တော်ယာဉ်ရှာဖွေဝယ်ယူမှုနှုန်းအထူးမြင့်တက်လာခြင်းဖြစ်သည်။ ပြည်တွင်းအွန်လိုင်းကားဈေးကွက်တွင် ၂၀၁၂ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့သော CarsDB သည် ဈေးကွက်ဝေစုကိုစိုးမိုးထားနိုင်ပြီး CarsDB ၏စာရင်းများအရဆိုလျင် ၂၀၁၉ အောက်တိုလအတွင်း CarsDB website မှတစ်ဆင့် ဝင်ရောက်ရှာဖွေ ချိတ်ဆက်ဝယ်ယူသူပမာဏမှာ မကြုံစဖူးထူးထူးကဲကဲများပြားလာခဲ့သည်ဟုဆိုသည်။ တိတိကျကျဆိုရလျှင် CarsDB website ကိုပုံမှန်အသုံးပြုသူအရေအတွက်မှာ ၅ သိန်းအထိရှိလာပြီး ဝင်ရောက်လည်ပတ်မှု ၁ သန်းထက် ကျော်သွားခဲ့သည်။

“၂၀၁၉ အောက်တိုဘာလ တစ်လထဲမှာ ကျွန်တော်တို့ ဆိုက်ကို ဝင်ရောက်သူလဲများတယ်။ ကြည့်ရှုသူလဲများတယ်။ ဒါ့အပြင် ထပ်ခါထပ်ခါ ကြိုက်နှစ်သက်ရာ ကားတွေကို ရှာဖွေ ကြည့်ရှုမှု အကြိမ်ရေများတဲ့အတွက် page view က လည်း ၁၀ သန်းကျော်သွားတယ်။ ဒါက တကယ့်ကိုထူးထူးခြားခြားပါ။ ကျွန်တော်တို့အတွက်တော့ သမိုင်းမှတ်တိုင်တစ်ခုစိုက်ထူလိုက်တာပါပဲ။ နောက်တစ်ခုက ပြီးခဲ့တဲ့ နိုင်ဝင်ဘာမှာလုပ်ခဲ့တဲ့ CarsDB Auto Show Yangon 2019 ပေါ့ဗျာ။ အဲဒီမှာဆိုရင် လာကြည့်တဲ့သူပေါင်းက နှစ်သောင်းကျော်လောက်ရှိပြီး စုစုပေါင်းကားအစီးရေ ၆၂၀ ရောင်းခဲ့ရတယ်။ ရောင်းရငွေဆိုရင်လည်း အမေရိကန်ဒေါ်လာ ၁၈ သန်းတောင်မှကျော်ခဲ့တာ။ ဒါဟာ လက်ရှိအချိန်မှာ မြန်မာနိုင်ငံရဲ့ စံချိန်တင်ရောင်းအားပါပဲ။” ဟု CarsDB ၏ CEO ဖြစ်သူ ဦးဝေယံလင်းမှ ပြောကြားခဲ့သည်။
ဆက်လက်၍ CarsDB ၏ COO ဖြစ်သူ ဦးဝေဖြိုးကျော်က “လက်ရှိဈေးကွက်မှာ ကားလိုအပ်ချက်က တော်တော်လေးမြင့်မားလာပါတယ်။ ရှိပြီးသားသူတွေကလည်း ပိုပြီးခေတ်မီ၊ ပိုပြီးပြည့်စုံတဲ့ ကားတွေကိုလိုချင်လာကြပြန်တယ်။ CarsDB အနေနဲ့ကတော့ လာမယ့် ၂၀၂၀ မှာ ပိုမိုကောင်းမွန်တဲ့ အွန်လိုင်းဝန်ဆောင်မှုတွေပေးသွားမှာပါ။ ဒါ့အပြင် ကားနဲ့ပတ်သက်တဲ့ တိကျတဲ့အချက်အလက်တွေ၊ အထွေထွေဗဟုသုတတွေအပြင်ကိုမှ ကားနဲ့ဆက်စပ်တဲ့ လုပ်ငန်းတွေအများကြီးနဲ့လည်း ချိတ်ဆက်ထားတဲ့အတွက် ကားလို့ဆိုလိုက်တာနဲ့  CarsDB ဟာလိုအပ်တာတွေအားလုံး တစ်နေရာတည်းမှာ ရရှိနိုင်တဲ့နေရာတစ်ခုဖြစ်နေပါပြီ။ ဒါ့အပြင် ကျွန်တော်တို့က စံချိန်တင်ရောင်းအားတွေရခဲ့တဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာကားအရောင်းပြပွဲအပါအဝင် မြန်မာနိင်ငံရဲ့ အကြီးမားဆုံးလို့ပြောနိုင်တဲ့ Auto Show တွေကိုလည်း ဆက်လက်ကျင်းပပေးသွားဦးမှာပါ” ဟု ပြောကြားသွားခဲ့သည်။

ယနေ့အချိန်တွင် မြန်မာနိုင်ငံ၏ မော်တော်ယာဉ်လိုအပ်ချက်မှာ ထူးထူးခြားခြားတိုးတက်၍လာနေပြီး ထိုသို့တိုးတက်လာမှုတွင် အွန်လိုင်းကဏ္ဍမှာ အလွန်အရေးပါသည့်နေရာတွင် တည်ရှိနေပြီဟုဆိုနိုင်သည်။ လာမည့် ၂၀၂၀ တွင် အွန်လိုင်းနှင့် မော်တော်ယာဉ်ပြပွဲတို့မှ မော်တော်ယာဉ်ရောင်းအားမှာ အထူးကောင်းမွန်လာဖွယ်ရှိပြီး အဆိုပါဈေးကွက်တို့ကို CarsDB ကဆက်လက် ဦးဆောင်ကာ အကောင်းဆုံးဝန်ဆောင်မှုများ ပေးနေမည်ဖြစ်သည်။

Author