စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအဖြစ် ပြင်ဆင်သတ်မှတ်ဖွဲ့စည်းရေးအား ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်အတည်ပြု

0

Full article

စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့ကိုပူးပေါင်းကာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအဖြစ် ပြင်ဆင်သတ်မှတ်ဖွဲ့စည်းရေးအား ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်၊ အတည်ပြုခဲ့သည်။

အထက်ပါကိစ္စနှင့်စပ်လျဉ်းပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းမှ

“ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများကို လိုအပ်လျှင်လိုအပ်သလို အချိန်အခါမရွေး ပေါင်းစပ်ဖွဲ့စည်းရကြောင်း၊ ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း ခေတ်အဆက်ဆက် အစိုးရများအနေဖြင့် နိုင်ငံတော်အကျိုးစီးပွားအတွက် ကျင့်သုံးသည့်မူဝါဒ၊ အနာဂါတ်ရည်မှန်းချက်တို့အပေါ်အခြေခံပြီး လိုအပ်လျှင်လိုအပ်သလို ပြင်ဆင်ဖြည့်စွက်ဖွဲ့စည်းခဲ့ကြောင်း၊ နိုင်ငံတော်စီးပွားရေးတိုးတက်ကောင်းမွန်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးနိုင်ရေးတို့အတွက် အရေးပါသော စက်မှုဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများကို ထိထိရောက်ရောက် အောင်အောင်မြင်မြင် အကျိုးရှိရှိ စီမံခန့်ခွဲနိုင်ပြီး ပြည်တွင်းစက်မှုလက်မှုလုပ်ငန်းများ ထုတ်လုပ်မှုစွမ်းအားမြှင့်တင်ရေးကို ထိရောက်စွာ ပံ့ပိုးဆောင်ရွက်ပေးနိုင်မည့် ဝန်ကြီးဌာနပေါင်းစည်းစုဖွဲ့မှုတစ်ရပ် မဖြစ်မနေ အရေးတကြီးလိုအပ်လျက်ရှိနေကြောင်း၊ ထိုကဲ့သို့ပေါင်းစည်းခြင်းသည် ဝန်ကြီးဌာနတစ်ခုကို ဖျက်သိမ်းခြင်းမဟုတ်ဘဲ နိုင်ငံတော်၏ရည်မှန်းချက်များ မြန်ဆန်ထိရောက်စွာအကောင်အထည်ဖော်နိုင်စေရေးအတွက် ဝန်ကြီးဌာနနှစ်ခုကို အတူတကွပေါင်းစည်းခြင်းသာဖြစ်ကြောင်း၊ ကိုယ်စားလှယ်တော်အချို့ဆွေးနွေးရာတွင် ဝန်ကြီးဌာနနှစ်ခု၏ သဘောသဘာဝ မတူညီခြင်း၊ စသည့်အချက်များပါရှိခြင်းကိုတွေ့ရကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် ကုန်ထုတ်လုပ်မှုနည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် တီထွင်ဆန်းသစ်မှုတိုးတက်ရေးအတွက်ဟူသော ရည်ရွယ်ချက်များကို ယခုလက်ရှိစက်ရုံများအခြေအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အလွန်ခက်ခဲနိုင်ကြောင်းကို အားလုံးအသိဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံပိုင်စက်ရုံများအခန်းကဏ္ဍနှင့် ကုန်ထုတ်လုပ်မှုစနစ်ပုံစံကို ပြောင်းလဲရမည်ဖြစ်သဖြင့် ကူးပြောင်းရေးလုပ်ငန်းစဉ်မှာ လွန်စွာအရေးပါကြောင်း၊ စက်မှုဝန်ကြီးဌာန၏ လက်ရှိဖွဲ့စည်းပုံစနစ်များနှင့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်နိုင်မည်မဟုတ်ဘဲ ပုဂ္ဂလိက ကဏ္ဍသို့ မဟာဗျူဟာမြောက်စွာ ကူးပြောင်းနိုင်ရေးသည်သာ မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း၊ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ဆောင်ရွက်ရာတွင် စက်မှုဝန်ကြီးလက်အောက်ရှိ ပုံသေပိုင်ပစ္စည်းများနှင့် အစုရှယ်ယာများကို State access management corporation (SAMCO) မှ လွှဲပြောင်းရယူကာ စီမံခန့်ခွဲသွားမည်ဖြစ်ပြီး နိုင်ငံပိုင်စက်ရုံများနှင့် မြေများကို ပုဂ္ဂလိကသို့ လွှဲပြောင်းရေးလုပ်ငန်းရပ်များအတွက် လိုအပ်သည့် လေ့လာဆန်းစစ်ရေးလုပ်ငန်းရပ်များကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ Financial Management ကျွမ်းကျင်သူများနှင့် ဗဟိုအသွင်ကူးပြောင်းရေးအဖွဲ့တို့မှ အဓိက တာဝန်ယူသွားမည်ဖြစ်ကြောင်း၊ PPP စာချုပ်စာတမ်းများစီမံခန့်ခွဲရာတွင် PPP Centre က အဓိကနေရာမှဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနလက်အောက်ရှိ ဝန်ထမ်းများအား ဌာနနှစ်ခုပေါင်းစည်းပြီးပါက သက်ဆိုင်ရာဝန်ထမ်းတစ်ဦးချင်းစီ၏ သဘောဆန္ဒအလျောက် ရွေးချယ်ခွင့်ပေးသွားမည်ဖြစ်ပြီး စီမံခန့်ခွဲသွားမည်ဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် မိမိတို့၏ ကျွမ်းကျင်မှု၊ အတွေ့အကြုံ၊ နေထိုင်ရာဒေသများအပေါ်အခြေခံပြီး တာဝန်ထမ်းဆောင်လိုသောဌာနနှင့် နေရာဒေသတို့ကို ၎င်းတို့သဘောဆန္ဒအလျောက် ရွေးချယ်ခွင့်ပိုမိုရရှိမည်ဖြစ်ကြောင်း၊ ရွေးချယ်စရာနည်းလမ်းများမှာ ဝန်ကြီးဌာန၏လက်အောက်တွင်ရှိသော ဦးစီးဌာနအသီးသီးလက်အောက်တွင် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခွင့်ပေးခြင်း၊ အခြားဝန်ကြီးဌာနများသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခွင့်ပေးခြင်း၊ နိုင်ငံဝန်ထမ်းအဖြစ်မှနှုတ်ထွက်ပြီး ပုဂ္ဂလိကစက်ရုံအလုပ်ရုံများသို့ အပြီးအပိုင်ပြောင်းရွှေ့ခွင့်ပြုခြင်း၊ နိုင်ငံဝန်ထမ်းအဖြစ်မှနှုတ်ထွက်ခြင်းမပြုပဲ ပုဂ္ဂလိက စက်ရုံအလုပ်ရုံများတွင် ပြင်ပဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်ခွင့်ပေးခြင်း၊ လျော်ကြေးပင်စင်ခံစားခွင့်ပြုခြင်း စသည်များကို နိုင်ငံဝန်ထမ်းနည်းဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနနှစ်ခု ပေါင်းစည်းသည့်အခါ ဌာနဖွဲ့စည်ပုံများကို ပြုပြင်ပြောင်းလဲရန်လိုအပ်ပါက ပြင်ဆင်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ ထိုသို့ပြင်ဆင်ဖွဲ့စည်းသည့်အတွက် စက်မှုဝန်ကြီးဌာနလက်အောက်ရှိ ဝန်ထမ်းပေါင်း နှစ်သောင်းသုံးထောင်ကျော်နှင့် ၎င်းတို့၏မိသားစုများအတွက် အလုပ်အကိုင်နှင့်ဝင်ငွေများ ဆုံးရှုံးမည်မဟုတ်သည့်အပြင် ပုဂ္ဂလိက ကဏ္ဍဦးဆောင်သော စက်မှုဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် ၅၂ သန်းသော ပြည်သူများ၏ အကျိုးစီးပွားကိုရယူဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ထို့နောက် စက်မှုဝန်ကြီးဌာနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအဖြစ် ပြင်ဆင်သတ်မှတ်ဖွဲ့စည်းရေးကို ပြည်ထောင်စုလွှတ်တော်မှ မဲခွဲဆုံးဖြတ်ခဲ့ရာ ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၅၄၉ ဦးအနက် ထောက်ခံမဲပေါင်း ၃၄၉ ဦး၊ ကန့်ကွက်မဲပေါင်း ၂၂၂ မဲ၊ ကြားနေမဲ ၂ မဲဖြင့် အတည်ပြုဆုံးဖြတ်ခဲ့သည်။

မြန်မာနိုင်ငံအတွင်းရှိနေသည့် အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ၃၆ ခုကိုလက်ရှိအစိုးရအာဏာရချိန်တွင် ဝန်ကြီးဌာနပေါင်း ၁၅ ခု လျှော့ချခဲ့ပြီး ဝန်ကြီးဌာနပေါင်း ၂၁ ခုဖြင့်လည်ပတ်ခဲ့ရာ ယခုနှစ်ပိုင်းအတွင်း ဝန်ကြီးဌာန အသစ် ၄ ခု ထပ်မံဖွဲ့စည်းခဲ့ပြီး ၂၅ ခု ရှိရာမှ ယခုအခါမှာ ဌာန ၂ ခုပေါင်းစပ် လိုက်သည့်အတွက် ဝန်ကြီးဌာနပေါင်း ၂၄ ခုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး စက်မှုဝန်ကြီးဌာနသည် ယခင်ဝန်ကြီး ဦးခင်မောင်ချိုနှုတ်ထွက်သည့်အခါ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်းမှ ဝန်ကြီးဌာနနှစ်ခုကို ပူးတွဲတာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၉ ဩဂုတ်လ ၁၅ ရက်နေ့တွင် ဒေါက်တာမင်းရဲပိုင်ဟိန်းကို စက်မှုဒုဝန်ကြီးအဖြစ်ခန့်အပ်ခဲ့သည်။

Author