ကီလိုမီတာစနစ်ဖြင့် ငွေကောက်ခံသည် Kilo taxi ဧပြီ ၁ ရက်ကစတင်ပြေးဆွဲမည်

0

Full article

ရန်ကုန်မြို့တွင် တက္ကစီမောင်းနှင်သူနှင့် ခရီးသည်အကြား ဈေးနှုန်းအပြန်အလှန်ပြောကြားရာတွင် အဆင်ပြေစေရန်အတွက် ကီလိုမီတာဖြင့် ငွေပေးချေရသောစနစ်ကို ဧပြီ ၁ ရက်မှစတင်အသုံးပြု ပြေးဆွဲသွားမည်ဖြစ်ကြောင်း Kilo taxi အသင်းအဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောကြားသည်။

တက္ကစီကားပေါ်စတက်ပါက ၁၃ဝဝ ကျပ် သတ်မှတ်ထားပြီး တစ်ကီလို ရောက်ရှိတိုင်း ငွေကျပ် ၃ဝဝ ကျပ် ကျသင့်မည်ဖြစ်ကာ ကားပိတ်ဆို့မှုများနှင့် မီးပွိုင့်တွင် အချိန်ကြာရပ်နားထားခြင်းများကို ကားခနှုန်းကျသင့်ကောက်ခံမည် မဟုတ်ကြောင်း သိရသည်။

"Kilo taxi Group ဆိုပြီး အဖွဲ့လေးထောင်ထားတယ်။ ဧပြီ ၁ ရက်ကစပီး ပြေးဆွဲကြမှာပါ။ တက္ကစီ မောင်းသူနဲ့ စီးတဲ့ခရီးသည်ကြားမှာ သင့်တင့်မျှတတဲ့ ဈေးနှုန်းကို ဖြစ်ဖို့ လုပ်ဆောင်တာပါ။ ကားပေါ်စစတက်ချင်းကို ၁၃ဝဝ ကျပ်သတ်မှတ်ထားပါတယ်။ တစ်ကီလို ရောက်တိုင်းကို ၃ဝဝ ကျပ်ကျသင့်မှာပါ။ ကားအတွင်းခန်းမှာလည်း ဈေးနှုန်းကို ပွင့်လင်း မြင်သာအောင် စတေကာကပ်ထားပါမယ်။ လက်ပြကားတားပြီး တက္ကစီမောင်းတဲ့သူနဲ့ ခရီးသည်ဈေးမဆစ်ရတော့ပါဘူး။ online ကနေလည်း တက္ကစီ ခေါ်လို့ရအောင် ဆော့ဝဲလ် အသုံးပြူသွားမှာပါ။ "ဟု Kilo taxi အဖွဲ့ခေါင်းဆောင် ဦးကိုကိုလင်းက ပြောပြပါသည်။

Kilo taxi ကားများကို စီးနင်းသူများ လုံခြုံမှုရှိစေရန် ကားမောင်းသူ၏ အချက်အလက်များ ကားပေါ်တွင်ရေးသား ထားမှာဖြစ်ပြီး အဖွဲ့ဝင်သူ တစ်ယောက်ချင်းစီ၏ ကိုယ်ရေးအချက်အလက်များကိုလည်း အဖွဲ့ဝင်ရာတွင် တောင်းခံသွားမည်ဖြစ်ကာ ဧပြီ ၁ ရက်တွင် စတင်ပြေးဆွဲမည့် Kilo taxi ကားအစီးရေ ၁၃ဝ ကျော် အထိရှိနေကြောင်း သိရသည်။

Unicode Version






Author