Full article

ရန်ကုန်တိုင်းဒေသကြီး အတွင်းမှ မည်သည့်ယာဉ်မောင်းလိုင်စင်အမျိုးအစားမဆို လက်တွေ့စမ်းသပ်ဖြေဆိုမှု အောင်မြင်ပါက က.ည.န(ရွာသာကြီး)၌နေ့ချင်းပြီးစနစ်ဖြင့် တစ်ရက်လျှင်လိုင်စင် (၃ဝဝ)ခန့်ထုတ်ပေးနေကြောင်း ကုန်းလမ်းပို့ဆောင်ရေး နှင့် ညွှန်ကြားမှုဦးစီးဌာန (ရွာသာကြီး)မှ သိရသည်။

''အရင်ကတော့ လက်တွေ့စစ်ဆေးတဲ့အခါဖြေဆိုသူရဲ့ လိပ်စာအတိုင်းဖြေပြီးရင် ခရိုင်အလိုက်လွဲပေးပါတယ်။ အခုသက်ဆိုင်ရာခရိုင်ရုံးတွေမှာ သွားထုတ်မဲ့အစား အောင်ရင် ရွာသာကြီးမှာပဲ ငွေသွင်းပြီးလိုင်စင်ထုတ်ပေးတယ်။ ပြည်သူတွေအဆင်ပြေမြန်ဆန်အောင် ဖြေဆိုသူရဲ့ အချက်အလက်တွေကိုလည်း သက်ဆိုင်ရာခရိုင်ရုံးတွေက Online Network စနစ်နဲ့ လွှဲယူတဲ့အတွက် ဓါတ်ပုံတောင်ယူလာစရာမလိုတော့ပါဘူး''ဟု ရန်ကုန်လမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှုဦးစီးဌာန (ရွာသာကြီး) ဦးစီးမှူး ဦးဝင်းဇော်က ပြောသည်။

အဆိုပါအစီအစဉ်သစ်ကိုသြဂုတ်လ (၃) ရက်နေ့တွင် စတင်ခဲ့ပြီးသြဂုတ်လ(၂၁) ရက်နေ့အထိ ယာဉ်မောင်း (၅.၄ဝဝ)ဦးခန့်ကို လိုင်စင် ထုတ်ပေးပြီးဖြစ်ကြောင်းသိရသည်။

''လက်တွေ့ကားမောင်းဖြေရတာ ရွာသာကြီး က.ည.န မှာပါ။ အရင်ကဆို ဗဟန်းမှာဆိုရင် မြင်သာမှာထုတ်ရတယ်။ သက်ဆိုင်ရာခရိုင်အလိုက် ထုတ်ရတယ်။ အခုအောင်ရင် ရွာသာကြီးမှာပဲ နေ့ချင်းပြီး ထုတ်ပေးပါတယ်။ မနက်ပိုင်းသမားတွေကတော့ အဆင်ပြေတာပေါ့။ နေ့ခင်းပိုင်းလောက်ဆိုရင်တော့ ဖြေတာနဲ့ နောက်နေ့ကူးသွားတာပဲရှိပါတယ်'' ဟု ကုန်းလမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှုဦးစီးဌာန (မြင်သာ) မှ ညွှန်ကြားရေးမှူး ဦးကျော်အေးလွင်ကပြောပါတယ်။ ယခင်က ယာဉ်မောင်းလိုင်စင် အသစ်လျှောက်ထားပါက လိုအပ်သည့်စစ်ဆေးမှုများ ပြီးစီးပြီး လက်တွေ့ကားမောင်းဖြေဆိုခြင်းကို က.ည.န ရုံချုပ် (ရွာသာကြီး)တွင် ဖြေဆိုရပြီး လိုင်စင်ရရန် (၂)ရက်မှ (၃)ရက်အထိ စောင့်ဆိုင်းနေရကြောင်းနှင့် သက်ဆိုင်ရာ မြို့နယ်ခရိုင်အလိုက် သွားရောက်ထုတ်ယူခဲ့ရကြောင်း သိရသည်။

''အရင်ကဖြေပြီးအောင်ရင်သက်ဆိုင်ရာ မြို့နယ်ရုံးများမှာထုတ်ရတယ်။ ၃၊၄က်လောက်တော့ကြာတယ်။အခုက နေ့ချင်းရတော့ အဆင်ပြေသွားတယ်။ ရွာသာကြီးသွားရတာလည်း ခရီးထောက်တော့ တစ်ခါတည်းရတဲ့အခါ အကုန်အဆင်ပြေသွားတယ်'' ဟု ယာဉ်မောင်းလိုင်စင်အသစ်လျှောက်ထားသူ တစ်ဦးကပြောသည်။

အဆိုပါရုံးတွင်(ခ) လိုင်စင်၊(ဃ)လိုင်စင်၊(င)လိုင်စင်များကို လက်တွေ့ဖြေဆိုမှု အောင်မြင်ပါက နေ့ချင်းပြီးထုတ်ပေးပြီး ငွေသွင်းခြင်းနှင့် လိုင်စင်ထုတ်ပေးခြင်းကို ကွန်ပျူတာစနစ်ဖြင့် အမြန်ရရှိစေရန် ဆောင်ရွက်ပေးနေကြောင်းကိုလည်း သိရသည်။

ကြယ်စင်လင်း(မြစ်မခ)

August 29, 2015 ထုတ် Auto Car ဂျာနယ်မှ ကူးယူဖော်ပြသည်.။

Author