Full article

ရန်ကုန်၊ စက်တင်ဘာ ၁၂

ရန်ကုန်မြို့တော် ကမာရွတ်မြို့နယ် အမှတ်(၈) နှင့် အမှတ်(၃) ရပ်ကွက်တို့တွင် စက်တင်ဘာ ၁၂ ရက်နေ့ နံနက်စောစောပိုင်းက လမ်းပေါ်ရပ်နားထားသည့် ယာဉ်အစီးရေ ၄ဝခန့်၏ ဘီးတာယာများကို ချွန်ထက်သည့်အရာဖြင့် ထိုးဖောက်ခံရမှုဖြစ်ပွားခဲ့ကြောင်း အဆိုပါ ယာဉ်ပို်င်ရှင်များက ပြောကြားသည်။

crime-logo-500x354

ကမာရွတ်မြို့နယ်၊ အမှတ်(၈) နှင့် အမှတ်(၃)ရပ်ကွက်အတွင်းရှိ လှည်းတန်းလမ်း၊ မင်္ဂလာလမ်း၊ ရတနာလမ်း၊ မဟာဆိုရှယ်လမ်း၊ ခေမာလမ်း၊ မာလာလမ်း၊ စေတနာလမ်း၊ အဝေရာလမ်း၊ ဘောဂလမ်းနှင့် ဦးထွန်းလင်းခြံလမ်းတို့တွင် ညအိပ်ရပ်နားထားသည့် အိမ်စီးယာဉ်များနှင့် အဌားယာဉ်အစီး ၄ဝ ခန့်တို့၏ ဘီးတာယာများထိုးဖောက်ခံရသော်လည်း အခြားပစ္စည်းများပျောက်ဆုံးခြင်း မရှိကြောင်း အမှတ်(၈)ရပ်ကွက်နေ ယာဉ်ပိုင်ရှင်များက ပြောကြားသည်။

အဆိုပါမနက်ခင်းစောစောပိုင်း၌ လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းချိန်တွင် လျှပ်စစ်မီးများပြတ်တောက်ခဲ့သည်ကို အခွင့်ကောင်းယူကာ တာယာများကိုထိုးဖောက်ခဲ့ခြင်းဖြစ်ကြောင်း ရပ်ကွက်အတွင်းနေထိုင်သူများက တညီတညွတ်တည်းပြောကြားသည်။

ယာဉ်အချို့တွင် အချက်ပေးကိရိယာများ တပ်ဆင်ထားသော်လည်း ယာဉ်၏ သံထည်အစိတ်အပိုင်းနှင့် ယာဉ်တုန်ခါအောင်ထိကိုင်မှသာ အချက်ပေးအသံမြည်နိုင်ပြီး ရော်ဘာသား ကားဘီးတာယာကိုထိရုံဖြင့် အချက်ပေးအသံမမြည်နိုင်ကြောင်း အဝေရာလမ်းတွင်ရပ်နားထားပြီး ဘီးနှစ်လုံးထိုးဖောက်ခံရသည့် တက္ကစီယာဉ်မောင်းတစ်ဦးမှပြောကြားသည်။

ယခုနှစ်ဇွန်လအတွင်း ကမာရွတ်မြို့နယ်တွင် ယာဉ်အစီးရေ ၂ဝ ဝန်းကျင်၏ ကားတွင်းနောက်ကြည့်မှန်များ၊ ကားအမှတ်တံဆိပ်များနှင့် အခြားပစ္စည်းများကို တချိန်တည်း၊ တစ်ညတည်း ခိုးယူခံရကြောင်း ယင်းရပ်ကွက်ရှိယာဉ်ပိုင်ရှင်များက ပြောကြားသည်။


The Voice Daily မှ ကူးယူဖော်ပြသည်။

Photo credit by www.yespunjab.com

Author