Full article

ကလေးမြို့တွင်း၌ ယာဉ်ကြော ရှုပ်ထွေးမှုရှိနိုင်သည့် လမ်းနေရာများတွင် သုံးတန်ထက်ကျော်သော ယာဉ်များ ဝင်ရောက်ခွင့်ကို ပိတ်ပင်ထားခဲ့ရာ ယင်းနေရာသို့ ကုန်တင်ယာဉ်များ အနေဖြင့် ဖြတ်သန်းသွားလာမှုများ ရှိပါက အရေးယူသွားမည် ဖြစ်ကြောင်း ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရေး ကော်မတီ(မ .စ .က) ဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောကြားသည်။![Container](/redline/content/images/2014/01/Container.jpg)

၂ဝ၁၃ ဒီဇင်ဘာလကစပြီး သုံးတန်ထက်ယာဉ်တွေ မဝင်ရဆိုပြီး ကလေးမြို့ ဗိုလ်ချုပ်လမ်းနဲ့ စံပြလမ်းထောင့်ကနေ လမ်းဆုံအထိ တစ်နေရာ၊ ဘုရားကြီးလမ်းနဲ့ ဝေဇယန္တာလမ်းပိုင်းက တစ်နေရာ၊ ဝေဇယန္တာ လမ်းထောင့်ကနေ လမ်းဆုံ မီးပွိုင့်နေရာတွေကို သတ်မှတ်ထားပါတယ်၊ အဲဒီနေရာတွေက ယာဉ်သွား ယာဉ်လာများတော့ အထူးသဖြင့် ကုန်တင်ကားကြီးတွေ ဝင်လိုက်ပြီဆိုရင် လမ်းကပိတ်သွားတယ်၊ လမ်းကျဉ်းတာလည်း ပါတာပေါ့၊ အဲဒါကြောင့်မို့လို့ အဲဒီနေရာတွေကို မဝင်ခိုင်းတာပါဟု ၎င်းက ရှင်းပြသည်။ ဗိုလ်ချုပ်လမ်းပိုင်းမှာဆိုရင် လေဆိပ်ရှေ့ရယ်၊ မြို့မဈေး ရှေ့ရယ်က ယာဉ်ကြော ခဏခဏ ပိတ်တယ်၊ အဲဒီနေရာတွေမှာ ယာဉ်တွေက နှစ်ထပ်လောက် ရပ်လိုက်တော့ ကုန်တင်ကားကြီးတွေသာ ဝင်လိုက်မယ်ဆိုရင် ယာဉ်ပိတ်ဆို့မှုတွေ ဖြစ်သွားနိုင်တယ်" ဟု (မ .စ .က) ဥက္ကဋ္ဌ ဦးစိုးဝင်းက ထပ်မံပြောကြားသည်။ အဆိုပါ သုံးတန်အထက်ယာဉ်များ မဝင်ရ သတ်မှတ်နေရာများသို့ ကုန်တင်ယာဉ်များ ဝင်ရောက်ပါက ဥပဒေကြောင်းအရ တရားစွဲဆိုသွားမည်ဖြစ်ပြီး ယင်းကဲ့သို့ အရေးယူမှုသည် ဒဏ်ငွေ ငါးသောင်းအထိသာ ချမှတ်နိုင်သောကြောင့် ယာဉ်မောင်းများ အနေဖြင့် စည်းကမ်းလိုက်နာမှု ပိုမိုအားကောင်းစေရန် အခြေခံဥပဒေအား ပြင်ဆင်ရန် အထူးလိုအပ် နေကြောင်း ဦးစိုးဝင်းက ဆိုသည်။ ထို့ပြင် ကလေးမြို့၌ ယာဉ်များ ယခင်ထက် ပေါများလာသောကြောင့် ယာဉ်ကြောရှုပ်ထွေးမှု သက်သာစေရန် ကလေးမြို့ မင်းရဲကျော်စွာ လမ်းမှတစ်ဆင့် ကလေးမြို့နယ်၊ တောင်ဖီလာတောင် အနီးတစ်ဝိုက်အထိ မြို့ပတ်လမ်း ဖောက်လုပ်ရန် သက်ဆိုင်ရာက စီစဉ်နေကြောင်းလည်း သိရှိရသည်။

Ref: Automobile

Photo Detail: bristol lad

Author