ကျောင်းသား/သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် school bus တွင် smart card များအသုံးပြုရန်စီစဉ်နေဟုဆို

0

Full article

ကျောင်းကားများပေါ်တွင် လိုက်ပါစီးနင်းလာသောကျောင်းသား/သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် smart card များအသုံးပြုရန်စီစဉ်ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှ Managing Director ဦးအောင်ညီညီမော်က YRTA ၏မီဒီယာတွေ့ဆုံပွဲ (၄/၂၀၁၉) တွင်ပြောကြားခဲ့သည်။

“ကျောင်းကားပေါ်မှာလိုက်ပါစီးနင်းလာတဲ့ ကျောင်းသား/သူများရဲ့ ဘေးအန္တရာယ်ကင်းရှင်းလုံခြုံရေးအတွက် နည်းပညာအသုံးပြုမှုကို တိုးမြှင့်ဆောင်ရွက်သွားမှာပါ။ ကျောင်းကားပေါ်မှာသုံးမယ့် card စနစ်မှာအသုံးပြုဖို့အတွက် ဒေတာအချက်အလက်တွေကို ကျောင်းသားမိဘအုပ်ထိန်းသူတွေဆီမှာ ဒီလအတွင်း တောင်းခံသွားဖို့စီစဉ်နေပါတယ်။ သတင်းအချက်အလက်တွေရရှိတာနဲ့ ကျောင်းသား/သူတွေ ကျောင်းကားအတက်အဆင်းမှာ အသုံးပြုမယ့် smart card ကို အဆင့်မြှင့်တင်ဆောင်ရွက်သွားမှာပါ။ ကျောင်းသား/သူတွေ ကျောင်းကားပေါ်အတက်အဆင်းလုပ်တာကို မိဘတွေက mobile application ကနေတစ်ဆင့် သိနိုင်တော့မှာပါ။ ဘယ်ကျောင်းသား ဘယ်ကားပေါ်မှာစီးနင်းတယ်၊ ဘယ်အချိန်တက်တယ်၊ ဘယ်အချိန်ဆင်းတယ်ဆိုတာကို အချိန်နဲ့တစ်ပြေးညီ သိနိုင်တော့မှာပါ။ ကျောင်းကားတွေပေါ်မှာ CCTV နဲ့ အတက်အဆင်း ရေဒါတွေကိုတော့ မနှစ်ကတည်းက တပ်ဆင်ခဲ့ပြီးပါပြီ။ ကျောင်းသားမိဘတွေ application အသုံးပြုတဲ့နေရာမှာ လွယ်ကူအောင်လည်းဆောင်ရွက်သွားမှာပါ။ ဇူလိုင်လအတွင်း သတင်းအချက်အလက်တွေကောက်ခံပြီးတာနဲ့ အမြန်ဆုံးထုတ်ပေးနိုင်အောင်ဆောင်ရွက်သွားမှာပါ။” ဟု YRTA ၏ Managing Director ဦးအောင်ညီညီမော်က ပြောကြားခဲ့သည်။

လက်တလောတွင် YRTA မှ ကျောင်း ၁၂ ကျောင်း၌ ကျောင်းကားအစီးရေ ၉၈ စီးဖြင့် ကျောင်းသား/သူ စုစုပေါင်း ၁,၈၉၇ ဦးကို အကြိုအပို့လုပ်ပေးလျက်ရှိနေပြီး ကျောင်းများထံမှ ထပ်မံတောင်းဆိုမှုများရှိနေသဖြင့် ကျောင်းကားအစီးရေ တိုးမြှင့်သွားရန်ရှိကြောင်းသိရသည်။

Zing

Author