ရန်ကုန်လိုင်စင် ခွင့်ပြုပေးရန် လိုအပ်သော အချက် ၂ ချက် ပြန်လည်ပြင်ဆင်နေပြီး နည်းလမ်းတစ်ခုဖြင့်ခွင့်ပြုပေးရန် အမြန်ဆုံး လုပ်ဆောင်သွားမည်

0

Full article

ရန်ကုန်လိုင်စင်အားခွင့်ပြုပေးရန် လိုအပ်သော အချက် ၂ ချက် ပြန်လည်ပြင်ဆင်နေပြီး နည်းလမ်းတစ်ခုဖြင့်ခွင့်ပြုပေးရန် အမြန်ဆုံးလုပ်ဆောင်သွားမည်ဟု ရန်ကုန်လိုင်စင် YVQC စနစ်လုပ်ဆောင်ရာတွင် ပါဝင်သူ အဆင်မြင့်အရာရှိတစ်ဦးကပြောသည်။

၂ဝ၁၉ နှစ်စပိုင်းတွင် ရန်ကုန်လိုင်စင်အား Yangon Vehicle Quota Certificate (YVQC) လက်မှတ်စနစ် တန်ဖိုးသတ်မှတ်ရောင်းချသွားရန် သတင်းများထွက်ပေါ်နေခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးကော်ထံ တင်ပြထားရှိခဲ့ရာတွင် မူဝါဒ အချက်အလက်များနှင့် ကိုက်ညီမှုမရှိ၍ ခွင့်မပြုခဲ့ဘဲ မူဝါဒအရ လိုအပ်သော အချက် ၂ ချက် ကို ပြန်လည်ပြင်ဆင်နေရာ မကြာမီ ခွင့်ပြုပေးနိုင်ရန်အတွက် ရှေ့နေချုပ်ရုံးထံသို့ ထပ်မံတင်ပြသွားမည်ဖြစ်ကြောင်းသိရသည်။

"ရန်ကုန်လိုင်စင်ခွင့်ပြုပေးဖို့က လိုအပ်တဲ့အချက်တွေပြန်ပြီးပြင်ဆင်နေပါတယ်။ လိုအပ်တဲ့ အချက် ၂ ချက် ပြန်ပြင်ဆင်ပြီးတာနဲ့ ရှေ့နေချုပ်ရုံးကို တင်ပြပြီး ခွင့်ပြုပေးမှာပါ။ ရန်ကုန်လိုင်စင် ကြာနေရတာက တချို့အပို်င်းတွေပြန်မေးနေရတာရှိလို့ပါ။ နည်းလမ်းတစ်ခုနဲ့ခွင့်ပြုပေးဖို့ လုပ်ဆောင်ထားပြီးသားပါ။" ဟု ရန်ကုန်လိုင်စင် YVQC စနစ်လုပ်ဆောင်ရာတွင် ပါဝင်သူ အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်လိုင်စင် YVQC စနစ်အား ပြည်တွင်းတွင်ထုတ်လုပ်သောကားများကို ပိုမိုဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့UMFCCI တွင် ပြုလုပ်သည့် နိုင်ငံတော် ဒုတိယသမ္မတ (၁) ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲ၌ ပြောကြားထားခဲ့သည်။

"ကားတင်သွင်းမှုကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ရန်ကုန်လိုင်စင် ထုတ်ပေးနိုင်ဖို့ ရှိပါတယ်။ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပွဲတွေ ဆောင်ရွက်နေပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုထားခဲ့သည်။

Author