သီလဝါတွင် ဂျပန်ကုမ္ပဏီမှ ယာဉ်အပိုပစ္စည်း စတင်ထုတ်လုပ်နေရာ ကားတစ်စီးလုံးထုတ်လုပ်နိုင်သည့် စက်ရုံကိုပါ မကြာမီ တည်ဆောက်သွားမည်

0

Full article

သီလဝါ စက်မှုဇုန်တွင် ဂျပန်နိုင်ငံမှ ယာဉ်အပိုပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံတည်ဆောက်၍ စတင်ထုတ်လုပ်နေပြီဖြစ်ရာ ဘယ်မောင်းဂျပန်ကားထုတ်စက်ရုံကိုပါ မကြာခင် တည်ဆောက်သွားမည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှသိရသည်။

အဆိုပါ သီလဝါ စက်မှုဇုန်တွင် ဂျပန်နိုင်ငံမှ ယာဉ်အပိုပစ္စည်း ထုတ်လုပ်ခြင်းကို ပထမအဆင့်အနေဖြင့် ပြည်တွင်းသုံးဂျပန်နိုင်ငံထုတ်ကားများအတွက် ရည်ရွယ်ထားရှိပြီး ဒုတိယအဆင့်အနေဖြင့် အိမ်နီးချင်းနိုင်ငံများသို့ပို့ဆောင်ရန်ရည်ရွယ်ထားရှိရာ နောက်ပိုင်းတွင်ကားတစ်စီးလုံးကိုပါ တပ်ဆင်ထုတ်လုပ်နိုင်သော စက်ရုံတည်ဆောက်ရန် ရည်ရွယ်ထားရှိကြောင်း သိရသည်။

"သီလဝါမှာ ဂျပန်နိုင်ငံကုမ္ပဏီတစ်ခုက ယာဉ်အပိုပစ္စည်းထုတ်လုပ်တာကို စတင်နေပါပြီ။ နောက်ပိုင်းကျရင် ကားအပိုပစ္စည်းတွေထုတ်လုပ်တာကနေ အဆင်သင့်ဖြစ်တာနဲ့ ကားတစ်စီးလုံးကိုပါ အစအဆုံးတပ်ဆင်ထုတ်လုပ်နိုင်တဲ့ စက်ရုံကိုပါ လုပ်သွားမှာပါ။ လက်ရှိအသုံးပြုနေတဲ့ ကားတွေ အတွက် ယာဉ်အပိုပစ္စည်းတွေ လိုအပ်လာတဲ့အတွက် အပိုပစ္စည်းထုတ်လုပ်မှုလုပ်ဆောင်တာ ဖြစ်ပါတယ်။ ကားအပိုပစ္စည်း ထုတ်ပြီးမှ ကားတစ်စီးလုံး ထုတ်လုပ်တာကိုသွားလို့ရမှာပါ။"ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

လက်ရှိတွင် နိုင်ငံအတွင်းအသုံးပြုနေသည့် လုပ်ငန်းသုံးကားများနှင့် အိမ်စီးကားများအတွက် ပြည်ပနိုင်ငံများဖြစ်သည့် ဂျပန်၊ မလေးရှား၊ ထိုင်းနိုင်ငံတို့မှ ယာဉ်အပိုပစ္စည်းများကို မှာယူတင်သွင်းမှုများရှိနေပြီး မြဝတီနယ်စပ်နှင့် တာချီလိတ်နယ်စပ် ဝင်ပေါက်များမှတဆင့် တင်သွင်းမှုအများဆုံးဖြစ်နေကြောင်းလည်းသိရသည်။

Author