Full article

MyanmarCarsDB – ရန်ကုန် – ၁၁ အောက်တိုဘာ ၂ဝ၁၂

Suzuki Motor Corp. သည် တစ်နှစ်လျှင် ကားအစီးရေ ၂ဝဝဝဝ မှ ၃ဝဝဝဝ အထိ ထုတ်လုပ်နိုင်မည့် စက်ရုံတစ်ခုကို ဂျပန်ယန်းငွေ သန်းထောင်ပေါင်းများစွာအကုန်အကျခံ၍ သီလဝါဆိပ်ကမ်းစက်မှုဇုန်တွင် ၂ဝ၁၅ ခုနှစ်အမှီ တည်ဆောက်မည်ဟု သိရှိရပါသည်။ ယခုအခါ မြန်မာနိုင်ငံသို့ ပြည်တွင်းပြည်ပရင်းနှီးမြုပ်နှံမှုများ ထွန်းကားလာသည်နဲ့အတူ Suzuki ကုမ္ပဏီ၏ ဤကဲ့သို့ မြုပ်နှံမှုသည် နိုင်ငံခြားပိုင်စက်ရုံများထဲတွင် အကြီးဆုံးတစ်ခုဖြစ်လာမည်ဖြစ်သည်။ ဟက်တာဧရိယာ ၄ဝ ကျော် ကျယ်ရှိမည့်အဆိုပါ စက်ရုံကို Suzuki မှ တစ်ဦးတည်းပိုင် Wholly-owned Subsidiary အနေဖြင့် စီမံခန့်ခွဲမည်ဖြစ်သည်။ ယခုအခါ မြေအခြေအနေကို သုံးသပ်လေ့လာနေပြီး နောက်ဆုံးဆုံးဖြတ်ချက်တစ်ခုကို မကြာမီကာလအတွင်းချမှတ်မည်ဖြစ်သည်ဟုလည်း သိရှိရသည်။

suzuki

သီလဝါဆိပ်ကမ်းစက်မှုဇုန် သည် ရန်ကုန်မြို့မှ ၂၅ ကီလိုမီတာခန့်ကွာဝေးပြီး ကြီးကျယ်ထွန်းကားသည့် စက်ရုံအလုပ်ရုံများစုဝေးရာနေရာတစ်ခုဖြစ်လာစေရန်၊ နိုင်ငံခြားကုမ္ပဏီများအား ကြိုဆိုသည့်ဥပဒေ၊ သက်သာသော အခွန်အခများအစရှိသည့် ဦးတည်ချက်များနဲ့ တည်ဆောက်နေသည့် နေရာတစ်ခုဖြစ်သည်။ ဂျပန်အစိုးရမှလည်း သီလဝါပရောဂျက်အတွက် အပြည့်အဝကူညီပေးနေပြီး လာမည့် ဧပြီလ၊ မေလ မှ စတင်ပြီး လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ ရုံးခန်းများ၊ မိလ္လာစနစ်များ အဆင်သင့်ဖြစ်စေရန် ဆောင်ရွက်လျှက်ရှိသည်။

Suzuki ၏ အမှုဆောင်အရာရှိများအတွက် ယခုစက်ရုံတည်ရန် စီမံကိန်းသည် အောင်မြင်ဖို့ အခွင့်အရေးများသည်ဟု ယုံကြည်ထားကြောင်းလည်း သိရှိရသည်။ ၎င်းတို့အတွက် မြန်မာ့ကားဈေးကွက်သည်လည်း အဆန်းမဟုတ်ပေ။ Suzuki ကုမ္ပဏီသည် ၁၉၉၉ခုနှစ်မှ ၂ဝ၁ဝ အထိ ၁ဝနှစ်တာကာလပတ်လုံး မြန်မာနိုင်ငံတွင် R+ Wagon, Light Truck အစရှိသည့် ကားများထုတ်လုပ်ခဲ့သည့်အတွေ့အကြုံရှိပြီးဖြစ်သည်။ ၂ဝ၁ဝတွင် ၎င်းတို့၏ Joint Venture လိုင်စင်ကုန်ဆုံးသွားသဖြင့် စက်ရုံပိတ် ဂျပန်ပြန်သွားခဲ့ရခြင်းသာဖြစ်သည်။ သို့အတွက် ယခုကားဈေးကွက် နလံထူလာသည့်အချိန်တွင် ပြန်လည်ဝင်ရောက်လုပ်ကိုင်ခွင့်တောင်းရာ ပိုမိုကြီးမားသည့် ကားစက်ရုံတည်ဆောက်ပေးရမည်ဆိုသည့်အတွက် ယခုလို သီလဝဆိပ်ကမ်းတွင်တည်ဆောက်ပေးရန် စီစဉ်နေခြင်းဖြစ်သည်။ ဂျပန်ကားကုမ္ပဏီများထဲတွင် လက်ရှိ Suzuki တစ်ခုသာ ကားစက်ရုံတည်၊ ထုတ်လုပ်ခြင်းဖြစ်သည်။

ယခင်က ဂျပန်ကားကုမ္ပဏီများသည် တရုတ်နိုင်ငံတွင်သာ စက်ရုံများတည်ဆောက်ကာ စက်မှုလက်မှုလုပ်ငန်းများလုပ်ကိုင်ကြသော်လည်း ယခုအခါ မြင့်တက်လာသည့် အလုပ်သမားစရိတ်များ၊ အရှေ့တောင်အာရှတိုင်းပြည်များ၏ တိုးတက်လာသည့်စက်ရုံအလုပ်ရုံများ ဝန်ထမ်းအရည်အချင်းများ၊ စသည်တို့ကြောင့် ယခုအခါ ယင်းကုမ္ပဏီများသည် Myanmar, Thailand, Indonesia အစရှိတဲ့ နိုင်ငံများကိုရွှေ့ပြောင်းရန် ကြိုးစားနေကြခြင်းဖြစ်သည်။ အထူးသဖြင့် စက်တင်ဘာ ၁၁၊ ၂ဝ၁၂ မှာဖြစ်ခဲ့သော ကျွန်းပိုင်ဆိုင်မှု အငြင်းပွားမှုများကြောင့် ဂျပန်-တရုတ် ချစ်ကြည်ရေးပျက်ပြားကာတရုတ်နိုင်ငံတွင် လုပ်နေသော လုပ်ငန်းများပိုမို၍ထိခိုက်သွားခြင်းကြောင့်လည်းဖြစ်သည်။

မည်သည့်အကြောင်းကြောင်းကြောင့်ဖြစ်စေကာမူ ကျွန်တော်တို့မြန်မာနိုင်ငံသို့ ယခုလို နာမည်ရှိကားကုမ္ပဏီများလာရောက်ကာ တိုက်ရိုက်ကားထုတ်လုပ်မည်ဟုသိရသည့်အတွက် ကြိုဆိုမိသည်။ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယ နှင့် နီပေါ နိုင်ငံတွင် Maruti-Suzuki ဆိုပြီး Suzuki ဝင်ရောက်ခဲ့သည်ကိုလည်း ကြားဖူးပြီးဖြစ်ပေမည်။ ယင်း Maruti-Suziki သည် အိန္ဒိယ၏ ပထမဆုံး ကားထုတ်လုပ်သည့်ကုမ္ပဏီဖြစ်ခဲ့ပြီး အိန္ဒိယကားဈေးကွက်ကို အသက်သွင်းပေးခဲ့ပေသည်။ ယခုအခါ အိန္ဒိယ၏ ကားဈေးကွက်ကို ထုတ်လုပ်သည့်အရေအတွက် အပြင် ဝင်ငွေအားဖြင့်လည်း ဦးဆောင်နေပြီး လူတိုင်းကားစီးနိုင်စေရန် ကူညီပေးသည့်အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ ကျွန်တော်တို့တိုင်းပြည်တွင်လည်း ယင်းကဲ့သို့ အောင်မြင်မှုမျိုးရရှိကာ ပြည်တွင်းရှိလူထုတစ်ရပ်လုံးအတွက်၊ အထူးသဖြင့်သီလဝါစက်မှုဇုန်အတွက် အကျိုးရှိစေနိုင်မည်ဟု တစ်ခဲနက်မျှော်လင့်မိပါသည်။

MyanmarCarsDB Editor

Author