Full article

အင်္ဂလန်နှင့် မန်ယူဂန္ထဝင် ကွင်းလယ်ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်းသည် တရုတ်နိုင်ငံတွင် ပြုလုပ်သည့် ဘေဂျင်းကားပြပွဲသို့ တက်ရောက်ပြီး Jaguar F Type Coupe ပြိုင်ကားကို ပြပွဲလာ ပရိသတ်များနှင့် မိတ်ဆက်ပေးခဲ့ကြောင်း နိုင်ငံတကာ မီဒီယာများက ဧပြီ ၂၁ ရက်တွင် ရေးသားဖော်ပြခဲ့သည်။

David-Beckham-Jaguar

အသက် ၃၈ နှစ်အရွယ် ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်းလည်းဖြစ်သူ ဘက်ခမ်းသည် ဗြိတိန် ကားကုမ္ပဏီ Jaguar ၏ သံတမန် တစ်ဦးလည်းဖြစ်ကာ ဧပြီ ၂ဝ ရက် တွင် ကျင်းပသော (၁၃) ကြိမ်မြောက် ဘေဂျင်းကားပြပွဲသို့ ကိုယ်တိုင် တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ Jaguar သည် လူဦးရေ ၁ ဒသမ ၃၄ ဘီလျံရှိသော တရုတ်ဈေးကွက် တွင် ထိုးဖောက်နိုင်ရန် အတွက် တရုတ်ပရိသတ်များ၏ အသည်းကျော် ဒေးဗစ်ဘက်ခမ်းကို သံတမန်အဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ ဘေဂျင်းကားပြပွဲသို့ တက်ရောက်ခဲ့ aသာ ဘက်ခမ်းကို ကားဝါသနာရှင်များက သည်းသည်းလှုပ် ကြိုဆိုခဲ့ကြပြီး ကားရောင်းအားမှာလည်း မြင့်တက်လာဖွယ် ရှိနေသည်ဟု လေ့လာသူများက သုံးသပ်ခဲ့ ကြသည်။ ဘက်ခမ်း မိတ်ဆက်ပေးခဲ့သည့် F Type Coupe ပြိုင်ကားမှာ နောက်ဆုံးပေါ် မိုဒယ် ဖြစ်ပြီး ၅ ဒသမ ၁ စက္ကန့်အတွင်း သုညမိုင်မှ တစ်နာရီ မိုင် ၆ဝ နှုန်း အထိ ရှိန်မြှင့်တင်နိုင် သလို အမြင့်ဆုံးအနေဖြင့် တစ်နာရီ ၁၆၁ မိုင်နှုန်းအထိ မောင်းနှင်နိုင်သည်။

Ref: Automobile

Author