Full article

အင်္ဂလန်နိုင်ငံထုတ် နာမည်ကျော် မော်တော်ယာဉ် အမှတ်တံဆိပ် ဖြစ်သည့် Jaguar Land Rover မော်တော်ယာဉ် အရောင်းပြခန်းကို လာမည့် မေလအတွင်း ရန်ကုန် မြို့၌ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း အဆိုပါ မော်တော်ယာဉ်အမှတ်တံဆိပ်၏ မြန်မာပြည်အရောင်းကိုယ် စားလှယ် 'Capital Automotive Co.,Ltd'မှ သတင်းရရှိသည်။

Jaguar-Land-Rover_4

Jaguar နှင့် Land Rover မော်တော်ယာဉ်များအား မြန်မာနိုင်ငံ ဈေးကွက်အတွင်း တရားဝင် ရောင်းချနိုင်ရန်အတွက် မြန်မာနိုင်ငံမှ Capital Automotive Co.,Ltd အား အရောင်းကိုယ်စားလှယ် အဖြစ် ခန့်အပ်ထားပြီး လာမည့် မေလမှ စတင်ကာ ကမ္ဘာ့အဆင့်မီ အရောင်းဌာနကို ဖွင့်လှစ်သွားမည်ဟုသိရသည်။ အဆိုပါ အရောင်းပြခန်း တွင် မော်တော်ယာဉ်များ ရောင်းချခြင်း၊ ဆားဗစ်စင်တာနှင့် လိုအပ်သည့်အပိုပစ္စည်းများ ရောင်းချခြင်းများကိုတစ်နေရာတည်း၌ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံအတွင်းမှာ Jaguar နဲ့ Land Rover ကားတွေ ရောင်းချပေးဖို့အတွက် အရောင်း ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရလို့ အလွန်ဝမ်းသာရပါတယ်၊ မြန်မာနိုင်ငံ မှာ တခြားနိုင်ငံတွေနည်းတူ Brand New ကားအသစ်တွေကို ဝယ်ယူသုံးစွဲနိုင်မှာ ဖြစ်ပြီး ကျွန်တော်တို့ရဲ့ ဖောက်သည်တွေအတွက် အဆင့်အတန်းမြင့်တဲ့ ဝန်ဆောင်မှု တွေပေးဖို့ ဆောင်ရွက်သွားမှာပါဟု Capital Automotive Co.,Ltd မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးခင်ထွန်းက ဆိုသည်။ Land Rover ယာဉ်များမှာ မြန်မာနိုင်ငံအတွင်းသို့ ၁၉၅၅ ခုနှစ်ကတည်းက စတင်ဝင်ရောက်ခဲ့သော်လည်း Brand New ကားအသစ်အနေဖြင့် အရောင်းပြခန်းဖွင့်လှစ်ရောင်းချခြင်းမှာ ပထမဆုံးဖြစ်ကြောင်း သိရသည်။ Capital Automotive Co.,Ltd အနေဖြင့် Land Rover မော်တော်ယာဉ်များအား တရားဝင် တင်သွင်းရောင်းချခွင့်ကို ၂ဝ၁၃ ခုနှစ်၊ မေလကုန်တွင် ရရှိခဲ့ပြီး Jaguar ယာဉ်များ တရားဝင် တင်သွင်းခွင့်ကို ၂ဝ၁၃ ခုနှစ်၊ အောက်တိုဘာလတွင် ရရှိခဲ့ကြောင်း၊ လာမည့် မေလအတွင်း ဖွင့်လှစ်ရောင်းချမည့် မော်တော်ယာဉ်အရာင်းပြခန်း၌ နောက်ဆုံးပေါ် Jaguar နှင့် Land Rover ယာဉ်များ ဝယ်ယူရရှိနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Ref ; Automobile

Author