ကားထုတ်လုပ်မှုများကို ပြန်လည်စတင်တော့မည့် Jaguar and Land Rover

0

Full article

ကမ္ဘာလုံးအနှံ့ ကိုရိုနာဗိုင်းရတ် ကူးစက်ပျံ့နှံ့ခြင်းသည် မည်သူ့အတွက်မှ အချိန်ကောင်း အခါကောင်း မဖြစ်စေပါ။ ထိုအထဲတွင် JLR ဟုလည်း လူသိများသော Jaguar Land Rover ပါဝင်သည်။ အခြားဥရောပ ကားထုတ်လုပ်ရေးများသကဲ့သို့ပင်၊ JLR သည်လည်း ထုတ်လုပ်ရေးလုပ်ငန်းများကို ပိတ်ထားရပြီး ငွေကြေးဆုံးရှုံးနစ်နာမှုများနှင့် ထုတ်လုပ်ရေးနှေးကွေးကျဆင်းမှုများကို ရင်ဆိုင်နေရသည်။ JLR အတွက်ဆိုလျင် ယခုအချိန်သည် ရုပ်ပြောင်း 2021 Jaguar F-Type ရောင်းချဖို့လုပ်ဆောင်နေပြီး 2020 Land Rover Defender သည်လည်း အင်ပြည့်အားပြည့် မော်တော်ယာဉ်သင်္ကေတတစ်ခုဖြစ်လာချိန် ဖြစ်နေသည်။

JLR သည် ထုတ်လုပ်မှုကို ကာလကြာရှည်ပိတ်ထားနိုင်စွမ်းရှိသည့် မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုတော့မဟုတ်ပါ။ ပြီးခဲ့သောတစ်နှစ်ကျော်ကပင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ အရေးတကြီးလိုအပ်မှုဖြစ်ခဲ့သေး၏။ UK မော်တော်ကားထုတ်လုပ်ရေးကြီးအတွက် ကံကောင်းစေသည်မှာ ထုတ်လုပ်မှုများသည် မျှော်မှန်းထားသည်ထက် ပို၍စောလျင်စွာ စတင်နိုင်တော့မည်ဆိုသည်ပင်။

UK ကားထုတ်လုပ်ရေးမှ တရားဝင်ကြေညာလိုက်သည်မှာ မေလ ၁၈ ရက်နေ့မှစတင်ပြီး ထုတ်လုပ်ရေးလုပ်ငန်းများကို တဖြည်းဖြည်းပြန်လည်စတင်သွားမည်ဟုသိရသည်။ Defender တည်ဆောက်ရာ Solihull ၊ UK ၊ Slovakia ရှိစက်ရုံများဖြင့် စတင်သွားမည်ဖြစ်ပြီး Jaguar E-Pace နှင့် I-Pace တို့ထုတ်လုပ်တပ်ဆင်ရာ သြစတြီးယား Magna Steyr စက်ရုံသည်လည်း ပြန်လည်စတင်လည်ပတ်သွားမည်ဖြစ်သည်။

JLR ၏အဆိုအရ တရုတ်ဈေးကွက်မှာဆိုလျင် မော်တော်ယာဉ်ရောင်းချမှုများသည် ပြန်လည်စတင်နေပြီဖြစ်ပြီး ဝယ်ယူသူများသည်လည်း အရောင်းပြခန်းများသို့ ပြန်လည်လာရောက်ဝယ်ယူနေကြပြီဖြစ်၏။ Changshu ရှိ JLR နှင့် အကျိုးတူပူးပေါင်းထုတ်လုပ်နေသည့်စက်ရုံမှမူ တရုတ်နိုင်ငံတွင် Covid-19 ကူးစက်မှုများ များပြားနေသေးသည့် ဖေဖေါ်ဝါရီလကတည်းက ပြန်လည်စတင်လည်ပတ်လျက်ရှိပြီးဖြစ်သည်။

ကုမ္ပဏီက social distancing လမ်းညွှန်ချက်များနှင့်အတူ ဖြန့်ချိရာအရောင်းဌာနများသည်လည်း ပြန်လည်ဖွင့်လှစ်သွားမည်။ ထုတ်လုပ်ရေးစက်ရုံများသည်လည်း သင့်လျော်သောအချိန်တွင်ပြန်လည်စတင်သွားမည်ဟု ဆိုထား၏။ UK ၌ဗိုင်းရတ်စတင်ကူးစက်ချိန်တွင် Land Rover သည် Red Cross နှင့်အခြားအရေးပေါ်ဝန်ဆောင်မှုများအတွက် ကားများစွာကို လှူဒါန်းခဲ့သေးသည်။ Land Rover Defender အသစ်၏ ပထမဆုံးသော mission မှာ ကိုရိုနာဗိုင်းရတ် တိုက်ဖျက်ရေးပင်ဖြစ်ခဲ့စေသည်အထိပင်။ ထိုသို့ ထုတ်လုပ်ထားသောကားများကို အသုံးပြုရန်လှူဒါန်းခြင်းမှာ JLR သာရှိသည်ဟုလည်း ဆိုကြ၏။

JLR က “ကျန်းမာပျော်ရွှင်ရေးဟာ ကျွန်တော်တို့ဝန်ထမ်းတွေအတွက် ပထမဦးစားပေးပါပဲ။ ခံနိုင်ရည်ပြည့်ဝတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ လမ်းညွှန်ချက်တွေကို လုပ်ငန်းပြန်လည်စတင်ရာမှာ စိတ်ချလုံခြုံရေးအတွက် အထူးအရေးပေးလုပ်ဆောင်သွားမှာပါ။ လုပ်ငန်းပြန်လည်စတင်တဲ့အခါမှာ လူတိုင်းကို အကာအကွယ်ပေးစေနိုင်ဖို့နဲ့  လုပ်ငန်းခွင်အတွင်း social distancing ကိုသေသေချာချာ စည်းကမ်းကြပ်မတ်သွားမှာဖြစ်တယ်။ လက်ရှိအချိန်မှာတော့ COVID-19 အခြေအနေကို ဆက်လက်စောင့်ကြည့်လျက်ရှိပြီး သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းတွေရဲ့ လမ်းညွှန်ချက်တွေအတိုင်းလုပ်ဆောင်သွားကြမှာလည်းဖြစ်ပါတယ်။” လို့ဆိုလိုက်ပါတယ်။

Ref: Jaguar And Land Rover Will Start Building Cars Again by JARED ROSENHOLTZ

Author