မော်တော်ယာဉ်အမျိုးအစားအလိုက် မော်တော်ယာဉ်စံနှုန်းသတ်မှတ်ချက်များ ပြင်ပပေါက်ဈေးနှင့် ကွာဟမှုရှိပါက ပြန်လည်စိစစ်ကာ တန်ဖိုးပြန်လည်သတ်မှတ်ပေးမည်

0

Full article

ပြည်တွင်းအခွန်များဦးစီးဌာနမှ သတ်မှတ်ထားသော မော်တော်ယာဉ်အမျိုးအစားအလိုက် မော်တော်ယာဉ်စံနှုန်းသတ်မှတ်ချက်များသည် ပြင်ပပေါက်ဈေးနှင့် ကွာဟမှုရှိပါက သက်ဆိုင်ရာမြို့နယ်အခွန်ရုံးမှတစ်ဆင့် တိုင်းဒေသကြီး၊ ပြည်နယ် အခွန်မှူးများထံတင်ပြနိုင်ပြီး၊ တင်ပြချက်မှန်ကန်ပါက ပြန်လည်စိစစ်ကာ တန်ဖိုးပြန်လည်သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင် မှ ပြောကြားခဲ့သည်။

“မော်တော်ယာဉ်အမျိုးအစားအလိုက်မော်တော်ယာဉ်စံနှုန်းတွေကိုပြည်တွင်းအခွန်များဦးစီးဌာနကနေသတ်မှတ်ပါတယ်။ အရင်တုန်းကလည်း မော်တော်ယာဉ်ကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့ ဆိုပြီး ၂၀၀၃ ခုနှစ်ကတည်းက အဖွဲ့နဲ့ လုပ် ခဲ့တာပါ။ နောက်တော့ ၂၀၁၆ ခုနှစ်၊ လက်ရှိအစိုးရသစ်လက်ထက်မှာ ဖြေလျှော့မှုပေးတဲ့အနေနဲ့ မော်တော်ယာဉ် စံနှုန်းတွေကို တစ်ပြေးညီသတ်မှတ်ပြီး ဌာနရဲ့ Website မှာတင်ထားခဲ့ပါတယ်။ ဒီစံနှုန်းတွေအတိုင်း မြို့နယ်ရုံးတွေက ဆောင်ရွက်ရမယ်လို့သတ်မှတ်ပေးထားတာပါ။ အဲဒီနေရာမှာ တစ်ကယ်လို့ သတ်မှတ်ထားတဲ့စံနှုန်းနဲ့ အပြင်ပေါက်ဈေး နဲ့ ကွာဟတာမျိုးရှိနေရင် သက်ဆိုင်ရာမြို့နယ်ရုံးကနေတစ်ဆင့် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ် အခွန်မှူးရုံးတွေကို တင်ပြနိုင်ပါတယ်။ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးဌာန အခွန်မှူးတွေကို ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်တွေကိုလည်း ပြည်တွင်းအခွန်ဦးစီးဌာနရဲ့ websit ဖြစ်တဲ့ www.ird.gov.mm မှာ အကုန်တင်ပေးထားပါတယ်။ တင်ပြချက်ကို တန်ဖိုးဖြတ်အဖွဲ့ကနေ ပြန်လည်စိစစ်ပြီး၊ မှန်ကန်တယ်ဆိုရင်  ပြန်လည်သတ်မှတ်ပေးမှာဖြစ်ပါတယ်”

ဟု ပြည်တွင်းအခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်မှ “မေးမြန်းဖြေကြား လူမှုစီးပွား” ရုပ်သံအစီအစဉ်တွင် ပြောကြားခဲ့သည်။


၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အတွက် မော်တော်ယာဉ်အမျိုးအစားအလိုက် မော်တော်ယာဉ်စံနှုန်းများကို ပြည်တွင်းအခွန်ဦးစီးဌာန (Internal Revenue Department) ၏ website ဖြစ်သော www.ird.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်သလို တိုင်းဒေသကြီး/ ပြည်နယ်များရှိ အခွန်ဦးစီးဌာနမှူးရုံးများ၏ တည်နေရာနှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကိုလည်း အဆိုပါ website ၏ contact us တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Author