
Double Cab ယာဉ်များကို အကောက်ခွန်ဦးစီးဌာနမှနေ၍ လူစီးယာဉ်ခွန်မှ လုပ်ငန်းသုံးယာဉ်ခွန်သို့ ပြောင်းလဲလျှော့ချကောက်ခံသော်လည်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာမှ ညွှန်ကြားချက်တစ်စုံတစ်ရာမရှိသောကြောင့် ယခင်အတိုင်း လူစီးယာဉ်အဖြစ်သာမှတ်ပုံတင်ပြီး အင်ဂျင်ပါဝါအလိုက် ကညနခွန်ကိုကောက်ခံသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကနဦးယာဉ်မှတ်ပုံတင်ဌာန (ထောက်ကြန့်) မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ဒီရက်ပိုင်း ကနဦးယာဉ်မှတ်ပုံတင်ဌာနကို ဆက်သွယ်မေးမြန်းလာမှုတွေ တော်တော်များများရှိပါတယ်။ အကောက်ခွန်ဦးစီးဌာနကနေ Double Cab တွေကို လုပ်ငန်းသုံးယာဉ်အဖြစ်သတ်မှတ်ပြီး custom duty ကိုလျှော့ချပေးတယ်။ ကနဦးယာဉ်မှတ်ပုံတင်အနေနဲ့ရော ကညန အခွန်ကို လျှော့ချပေးမှာလားပေါ့။ ဒါပေမယ့် ကနဦးယာဉ်မှတ်ပုံတင်အနေနဲ့ သက်ဆိုင်ရာကနေ ညွှန်ကြားချက်တစ်စုံတစ်ရာ မရှိသေးတဲ့အတွက် Double Cab တွေကို လူစီးအနေနဲ့ပဲ ဆက်လက်မှတ်ပုံတင်သွားမှာဖြစ်ပြီး ကညန အခွန်ကိုလည်း အင်ဂျင်ပါဝါအလိုက်ပဲကောက်ခံသွားဦးမှာပါ။” ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကနဦးယာဉ်မှတ်ပုံတင်ဌာန (ထောက်ကြန့်) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အကောက်ခွန်ဦးစီးဌာနမှ Double Cab များကို လူစီးယာဉ်မှ လုပ်ငန်းသုံးယာဉ်အမျိုးအစားသို့ ပြောင်းလဲသတ်မှတ်ခဲ့ပြီး custom duty ကို ၄၀% မှ လုပ်ငန်းသုံးယာဉ်နှုန်းထားဖြစ်သည့် ၁၀% သို့ လျှော့ချကောက်ခံရန် သတ်မှတ်ခဲ့ကြောင်းသိရပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ လူစီးယာဉ်သတ်မှတ်ချက်ကို အမြင့်ဆုံးခွင့်ပြုနိုင်သည့် ယောက်စီး (ယာဉ်မောင်းမပါ လူအရေအတွက်) ၈ ယောက်နှင့် အမြင့်ဆုံးခွင့်ပြုနိုင်သည့်အလေးချိန် ၃,၅၀၀ ကီလိုဂရမ် အဖြစ်သတ်မှတ်ထားရှိသည်။
Zing