သတ်မှတ်ချက် ၅ ချက်နှင့်အညီ ဝန်ဆောင်မှု မပေးနိုင်သော ယာဉ်လိုင်းများအား YBS စနစ် ၂ နှစ်ပြည့် အခမ်းအနားတွင်အစီရင်ခံစာထုတ်ပြန်မည်

0

Full article

ရန်ကုန်မြို့တွင်းပြေးဆွဲလျက်ရှိသော ခရီးသည်တင်ယာဉ်လိုင်းကုမ္ပဏီများတွင် သတ်မှတ်ချက် ၅ ချက်နှင့်အညီ ဝန်ဆောင်မှု မပေးနိုင်သောယာဉ်လိုင်း နာမည်များကို YBS စနစ် ၂ နှစ်ပြည့် အခမ်းအနားတွင်အသိပေးထုတ်ပြန်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့မှ သိရသည်။

ရန်ကုန်မြို့တွင်းပြေးဆွဲနေသော YBS ယာဉ်လိုင်းများအား YRTA သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က အမှတ်ပေးစနစ်ဖြင့်စောင့်ကြည့်နေပြီး ဝန်ဆောင်မှု မကောင်းသော ယာဉ်လိုင်းများ၊ စည်းကမ်းဖောက်ဖျက်မှု အများဆုံးဖြစ်နေသော ယာဉ်လိုင်းများကို အရေးယူမှုများပြုလုပ်သွားမည်ဖြစ်သည်။

"လက်ရှိပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတွေကို သတ်မှတ်ချက် ၅ ချက်အတိုင်းလိုက်နာမှုရှိ/မရှိ၊ ဝန်ဆောင်မှု ဘယ်လောက်ပေးနိုင်သလဲ၊ စည်းကမ်းဖောက်ဖျက်တာတွေကို အမှတ်ပေးစနစ်နဲ့စောင့်ကြည့်နေတယ်။ YBS ၂ နှစ်ပြည့်တဲ့ အခမ်းအနားမှာ အစီရင်ခံစာ ထုတ်ပြန်ပေးမယ်။စည်းကမ်းဖောက်ဖျက်တာအများဆုံးဖြစ်နေတဲ့ ယာဉ်လိုင်းတွေကို အရေးယူတာတွေလုပ်သွားမယ်။" ဟု  အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့ YRTA မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အများပြည်သူသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ YRTA က မြို့တွင်းပြေးဆွဲနေသော YBS ယာဉ်လိုင်းများအပေါ် သတ်မှတ်ထားသည့်အချက် ၅ ချက်မှာ ဝန်ဆောင်မှုအပိုင်း၊ ကုမ္ပဏီ ဖွဲ့စည်းမှုနှင့် ယာဉ်လိုင်းစီမံခန့်ခွဲမှုလုပ်ဆောင်မှုများ၊  YRTA မှ သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာမှုများ၊ ယာဉ်လိုင်းများတွင် နည်းပညာအပိုင်းများ အသုံးပြုထားရှိခြင်းရှိ/မရှိ စောင့်ကြည့်ခြင်းနှင့် ယာဉ်လိုင်းကုမ္ပဏီများ ငွေကြေးပွင့်လင်းမြင်သာမှုရှိ/မရှိ တို့ဖြစ်ကြပြီး ၎င်းတို့နှင့် ကိုက်ညီမှုရှိ/မရှိကို ယာဉ်လိုင်းအမည်စာရင်းများနှင့်တကွ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

Author