ရန်ကုန်မြို့တွင် ကားရပ်နားရန်နေရာဦးသည့်ကိစ္စရပ်နှင့်ပတ်သက်ပြီး ဒဏ်ငွေ ၁ သိန်းမှ ၅ သိန်းအထိ နှင့် ထောင်ဒဏ် ၃ လအထိ ချမှတ်နိုင်ကြောင်း ရန်ကုန်မြို့တော်ဝန်‌ပြောကြား

0

Full article

ရန်ကုန်မြို့တွင် ကားရပ်နားရန်နေရာဦးသည့် ကိစ္စရပ်နှင့်ပတ်သက်ပြီး တိုင်ကြားမှုများ နေ့စဉ်နှင့်အမျှ ဖြေရှင်းပေးနေရပြီး ထိုကဲ့သို့ကျူးလွန်သူများကို ဒဏ်ငွေ ၁ သိန်းမှ ၅ သိန်းအထိ နှင့် ထောင်ဒဏ် ၃ လအထိ ချမှတ်နိုင်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင် တိုးပွားလာသောမော်တော်ယာဉ်အစီးရေများ၊ စည်းကမ်းမဲ့လမ်းဘေးဈေးသည်များကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ၊ ယာဉ်အန္တရာယ်များ နေ့စဉ်ကြုံတွေ့နေရသည့်အပြင် ယာဉ်ရပ်နားမှုစနစ်များလည်း အခက်အခဲများ ဖြစ်ပေါ်လာပါကြောင်း၊ အထူးသဖြင့် မြို့တွင်းမြို့နယ်များရှိ လမ်းမကြီးများ၊ အမည်တပ် လမ်းများနှင့် နံပါတ်တပ် လမ်းများအတွင်း နေထိုင်သူများအနေဖြင့် ကားရပ်နားရန်နေရာ ရရှိစေရေးအတွက် ကားရပ်နားရန် နေရာဦးသည့်ပစ္စည်းများ၊ အတားအဆီးများအား မိမိတို့နေအိမ်ရှေ့နေရာများ၊ လမ်းများပေါ်တွင် သူ့ထက်ငါအလုအယက် နေရာ ဦးလာကြရာ မကြာခဏရန်ပွဲများဖြစ်ခြင်း၊ တိုင်ကြားမှုများအား နေ့စဉ်နှင့်အမျှ ရင်ဆိုင်ဖြေရှင်းနေရခြင်း စသည့်အခြေအနေ ကြုံတွေ့နေရပါကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ (၂၀၁၈ ခုနှစ်) လမ်း၊တံတား၊ စင်္ကြံနှင့် ရေမြောင်းများဆိုင်ရာ တားမြစ်ချက်များ ပုဒ်မ ၃၁၅ ၊ ပုဒ်မခွဲ (စ) တွင် မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ အများပြည်သူဆိုင်ရာလမ်း၊ စင်္ကြံအပေါ်တွင် ကုန်ပစ္စည်း၊ ဆောက်လုပ်ရေး ပစ္စည်း၊ အိမ်ထောင်ပရိဘောဂ၊ ပစ္စည်းများစုပုံခြင်း၊ ရောင်းချခြင်း၊ ခင်းကျင်းခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ ထားရှိခြင်းမပြုရဟုလည်းကောင်း၊ ပုဒ်မ ၃၁၅ ၊ ပုဒ်မခွဲ (ဎ) တွင် မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း အများပြည်သူဆိုင်ရာလမ်းပေါ်တွင် ယာဉ်သွားလာခြင်း၊ ရပ်နားခြင်းကို အနှောင့်အယှက်ဖြစ်စေသည့် အတားအဆီးမပြုရဟုလည်းကောင်း၊ တားမြစ်ချက်များ ပြဋ္ဌာန်းထားပြီး ယင်းတို့ကို ဖောက်ဖျက်ကျူးလွန်ပါက ပြစ်ဒဏ်များအဖြစ် ပထမအကြိမ် ကျူးလွန်မှုအတွက် ငွေဒဏ်ကျပ် (၁)သိန်းမှ ကျပ်သိန်း (၅) သိန်းအထိ ချမှတ်နိုင်ပြီး ဆက်လက်ဖောက်ဖျက်ကျူးလွန်ပါက ထောင်ဒဏ် (၃) လအထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပါကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ၂၀၂၀ ပြည့်နှစ် ‌ေဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင်ပြုလုပ်ခဲ့သော ဒုိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းမကြီးများနှင့် လမ်းသွယ်များပေါ်တွင် ယာဉ်ရပ်နားရန် နေရာများအပေါ်၌ အတားအဆီးများချထား၍ ဆောင်ရွက်နေမှုသည် ယာဉ်ရပ်နားရန် အခက်အခဲရှိလာပါသဖြင့် အဆိုပါကိစ္စများအား ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေနှင့်အညီ မြို့နယ်အလိုက် ရှင်းလင်းအရေးယူဆောင်ရွက်ပေးပါရန် အစီအစဉ်ရှိ/မရှိ ဟူသောမေးခွန်းကိုပြန်လည်ဖြေကြားခဲ့သည်။


ထို့အပြင် လမ်းများပေါ်တွင်ရှိသော အတားအဆီးများအား စဉ်ဆက်မပြတ် စစ်ဆေးလျက်ရှိပြီး စိစစ်တွေ့ရှိပါက ခရိုင်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ရုံးများက လှည့်ရှင်းယာဉ်များဖြင့် ယာဉ်ရပ်နားရန် နေရာဦးသည့် ပစ္စည်းများ၊ အတားအဆီးများကို ရှင်းလင်းဆောင်ရွက်လျက်ရှိရာ ၁.၁.၂၀၁၉ ရက်နေ့မှ ၃၁.၁၂.၂၀၁၉ ရက်နေ့ထိ မြို့တွင်း (၆) မြို့နယ်တွင် ကျောက်တံတားမြို့နယ်တွင် ၅၅၇ ခု၊ ပန်းဘဲတန်း မြို့နယ်တွင် ၄၇ ခု၊ လသာမြို့နယ်တွင် ၂,၀၄၈ ခု၊ လမ်းမတော်မြို့နယ်တွင် ၂,၅၃၀ ခု၊ ပုဇွန်တောင်မြို့နယ်တွင် ၆၂၅ ခု၊ ဗိုလ်တထောင်မြို့နယ်တွင် ၅၄၉ ခု၊ အထက်ပါမြို့တွင်းမြို့နယ် (၆) မြို့နယ်အတွင်း သိမ်းဆည်းဖယ်ရှားရှင်းလင်းခဲ့မှုများအပါအဝင် သက်ဆိုင်ရာ ခရိုင်အလိုက် အောက်ပါအတားအဆီးပစ္စည်းအရေအတွက်အတိုင်း သိမ်းဆည်းဖယ်ရှား ရှင်းလင်း နိုင်ခဲ့ပါကြောင်း၊ အရှေ့ပိုင်းခရိုင်တွင် ၇၉၇ ခု၊ အနောက်ပိုင်းခရိုင်တွင် ၈,၃၂၆ ခု၊ တောင်ပိုင်းခရိုင်တွင် ၂,၆၃၁ ခု၊ မြောက်ပိုင်းခရိုင်တွင် ၁,၁၀၇ ခု ရှင်းလင်းဖယ်ရှားခဲ့ကြောင်း မြို့တော်ဝန်မှပြောကြားခဲ့သည်။

Author