ဇူလိုင်လအတွင်း YBS ယာဉ်လိုင်းများတွင် ခရီးသည်လိုက်ပါစီးနင်းမှုမှာ COVID-19 မတိုင်မီကာလ၏ ၅၀ ရာခိုင်နှုန်းသို့ရောက်ရှိလာ

0

Full article

ဇူလိုင်လအတွင်း YBS ယာဉ်လိုင်းများတွင် ခရီးသည်လိုက်ပါစီးနင်းမှုမှာ COVID-19 မတိုင်မီကာလ၏ ၅၀ ရာခိုင်နှုန်းသို့ရောက်ရှိလာပြီး ယာဉ်စီးရေမှာလည်း ယခင်အစီးရေ၏ ၈၆ ရာခိုင်နှုန်းပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA)ထံမှသိရသည်။

“ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ ယာဉ်စီးရေ ၃,၃၆၃ စီးပြေးဆွဲခဲ့တော့ ၈၃ ရာခိုင်နှုန်းပြေးဆွဲခဲ့ပါတယ်။ အခု ဇူလိုင်လအတွင်းမှာ ၂၀ရက်နေ့အထိစာရင်းများအရ ယာဉ်စီးရေ ၃,၇၆၉ စီးပြေးဆွဲတဲ့အတွက် ၈၆ ရာခိုင်နှုန်း ပြန်လည်ပြေးဆွဲနေပြီဖြစ်ပါတယ်။ လိုက်ပါစီးနင်းတဲ့ခရီးသည်ဦးရေဟာ တစ်ရက်ကို ၉ သိန်းကျော်လောက် လိုက်ပါစီးနင်းတာကိုတွေ့ရပါတယ်။ ဒါဟာ ယခင် COVID -19 မတိုင်မီကာလရဲ့ ၅၀ ရာခိုင်နှုန်းကို ရောက်ရှိလာပြီလို့ပြောလို့ရပါတယ်။ ဒါကြောင့် social distancing ကိစ္စကို ပူပန်ရပါတယ်။ အခုကတော့ နှာခေါင်းစည်းတွေတိုးမြှင့်ပေးတာမျိုးတွေဆောင်ရွက်ပါတယ်။ နောက် VPI ကနေ လက်ဆေးရည်တွေထပ်ဝယ်ပြီး ကာကွယ်မှုတွေ ပြုလုပ်သွားဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်”

ဟု YRTA ၏ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှပြောကြားခဲ့သည်။

ယခုတစ်ပတ်အတွင်း YBS ယာဉ်လိုင်းများတွင် ခရီးသည်လိုက်ပါစီးနင်းမှုမှာ ၁၅ ရက်နေ့တွင် ခရီးသည်ဦးရေ ၉၄၁,၁၄၄ ဦး၊ ၁၆ ရက်နေ့တွင် ၉၃၇,၀၉၆ ဦး၊ ၁၇ ရက်နေ့တွင် ၉၄၇,၆၂၆ ဦး၊ ၁၈ ရက်နေ့တွင် ၉၂၄,၈၄၂ ဦး ၊ ၁၉ ရက်နေ့တွင် ၈၅၃,၄၈၇ ဦး၊ ၂၀ ရက်နေ့တွင် ၈၇၂,၆၆၀ ဦး၊ ၂၁ ရက်နေ့တွင် ၉၃၂,၂၄၉ ဦး၊ ၂၂ ရက်နေ့တွင် ၉၉၄,၂၈၉ ဦး တို့ အသီးသီးရှိခဲ့ကြောင်း YRTA ထံမှသိရသည်။


COVID -19 ကာလမတိုင်မီတွင် YBS ယာဉ်လိုင်းများသည် နေ့စဉ် ယာဉ်စီးရေ ၄,၃၀၀ ကျော်ဖြင့် ခရီးသည်ဦးရေ ၁.၈ သန်းခဲ့ကို နေ့စဉ်ပို့ဆောင်ပေးခဲ့သည်။

Author