ပြည်ပမှ တင်သွင်းလာသည့် စက်ဆီချောဆီများ တင်သွင်းလာသည့် အကြိမ်အတိုင်း အရည်အသွေးစစ်ဆေးပီးမှ ဖြန့်ဖြူးခွင့်ပြုမည်

0

Full article

လာမည့် စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာ ပြည်ပမှ တင်သွင်းလာသည့် စက်ဆီချောဆီများကို တင်သွင်းလာသည့် အကြိမ်အတိုင်း အရည်အသွေး စစ်ဆေးသွားမည်ဖြစ်ပြီး အရည်အသွေးမှန်ကန်မှသာ ဖြန့်ဖြုးထုတ်ယူခွင့်ပြုမည်ဟု မြန်မာရေနံထွတ်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းက အသိပေးထားရှိပါသည်။ လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန ၊မြန်မာရေနံထွတ်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်း အနေဖြင့် ယခင်က ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့်ကုမ္ပဏီများ၏ ပြည်ပမှ စက်ဆီ ချောဆီ တင်သွင်းခြင်းလုပ်ငန်းများကို ပထမအကြိမ် ၌ သာ နမူနာယူ အရည်အသွေး ဓါတ်ခွဲစမ်းသပ် စစ်ဆေးပြီး အရည်အသွေးမှန်ကန်မှသာ ထုတ်ယူသုံးစွဲခွင့် ပြုခဲ့ပါသည်။သို့သော်လည်း ဈေးကွက် အတွင်းသို့ ရောက်ရှိနေသည့် စက်ဆီ ချောဆီများ၏ အရည်အသွေး နှင့် ပက်သက်ပြီး သုံးစွဲသူများ အကြားတွင် ဝေဖန်မှုများထွတ်ပေါ်လာနေသလို တင်သွင်းစက်ဆီချောဆီ အချို့၏ အရည်အသွေးနိမ့်ပါးမှုကြောင့် မော်တော်ယာဉ်များတွင် တပ်ဆင်ထားသည့် spark plug များ မကြာခဏ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် အတွက် မော်တော်ယာဉ် သုံးစွဲသူများ အကြားတွင် ဝေဖန်မှုများ မြင့်တက်လာခဲ့ သည်။ "တစ်ကယ်ဆို အရည်အသွေးမပြည့်တဲ့ပြသာနာကြောင့် နောက်ဆက်တွဲပြသာနာတွေ အများကြီးဖြစ်နေတယ်။ 92 လို့သာကြေငြာပီး ရောင်းနေတာ တစ်ကယ်ဆို ဆီက 92 မပြည့်ဘူး။ ဆီအရည်အသွေးမကောင်းတဲ့အတွက် ကားရဲ့ ပလပ်တွေ ခဏလေးနဲ့ပျက်စီးတယ်။ နောက်ဆက်တွဲက ဆီမကောင်းရင် ကာဗွန်တွေလည်းပျက်စီးတယ်။ဆီပန့်တွေလည်း ပျက်လာပီး မီးသံခေါ်က်လာတယ်။ ဆီအရည်အသွေးကို သေသေချာချာ စစ်ဆေးပေးဖို့လိုပါတယ်။"လို့ ကားဝပ်ရှော့တစ်ခုမှ ဦးတိုးအောင်က ပြောပါတယ်။ မြန်မာရေနံထွတ်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်း၏ ကြေညာချက်အရ ပြည်ပမှ တင်သွင်းသည့် စက်ဆီချောဆီများ နှင့် ပက်သက်၍ အရည်အသွေးကောင်းမွန် မှန်ကန်မှု ရှိစေပြီး ပြည်တွင်းဈေးကွက်အတွင်း သုံးစွဲသူများ များ ၏ ယုံကြည်မှု ပိုမိုရရှိစေရန် အတွက် စက်တင်ဘာ ၁ ရက်နေ့မှ စတင်ကာ တင်သွင်းသည့် အကြိမ်တိုင်း နမူနာ ရယူပြီး အရည်အသွေး မှန်ကန်မှသာ ထုတ်ယူခွင့်ပြုမည်ဖြစ်ကြောင်း သြဂုတ်လ ၂၂ ရက်က နိုင်ငံပိုင်သတင်းစားများတွင် အသိပေးကြေညာထားပါသည်။

Author