ကုမ္မဏီလိုင်စင်ဖြင့် လုပ်ငန်းသုံးယာဉ် လျှောက်ထားရာ၌ အစီးရေ တိုးမြှင့်တင်သွင်းခွင့်ပြုမည်

0

Full article

ကုမ္မဏီလိုင်စင်များဖြင့် လုပ်ငန်းသုံးယာဉ်နှင့် ယန္တရားများလျှောက်ထားရာ၌ ယခင်ခွင့်ပြုထားသည့် အစီးရေထက် တိုးမြှင့် တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ယခင်က ကုမ္မဏီလိုင်စင်ဖြင့် တင်သွင်းခွင့်ပြုရာတွင် လုပ်ငန်းသုံးယာဉ်နှင့် ယန္တရားကားများကို တစ်နှစ်လျှင် အစီးရေ ၅ဝ တင်သွင်းခွင့်ပြုရာမှ လူစီးကားများကိုပါ ရော၍တင်သွင်းလာသဖြင့် တင်သွင်းရမည့် အစီးရေကို တစ်နှစ်လျှင် ၁ဝ စီးအထိသာ လျော့ချတင်သွင်းရတော့မည်ဖြစ်ကြောင်းသိရသည်။

ထိုသို့ကုမ္မဏီလိုင်စင်ဖြင့် ယာဉ်ယန္တရားများကို ယခုအစိုးရသစ်လက်ထက်၌ တစ်ကြိမ်တင်သွင်းလျှင် ၁ဝစီးအထိတင်သွင်းခွင့်ပေးသွားမည်ဖြစ်ပြီး လူစီးယာဉ်များကို လျှောက်ထားခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။

" ကုမ္မဏီလိုင်စင်နဲ့ တင်သွင်းမည့် ယာဉ်ယန္တရားကားတွေကို အရင်က တစ်နှစ်ကို ၁ဝစီးထိသာခွင့်ပြုထားပါတယ်။ အခုမေလမှစပြီး ကုမ္မဏီလိုင်စင်နဲ့ လျှောက်ထားမယ်ဆိုရင် တစ်ကြိမ်လျှောက်ထားလျှင် ၁ဝစီးအထိတင်သွင်းခွင့်ပေးမှာဖြစ်ပါတယ်။ ကုမ္မဏီလိုင်စင်နဲ့ လျှောက်မယ်ဆိုရင် လုပ်ငန်းသုံးယာဉ်တွေကိုလည်း ခွင့်ပြုမှာဖြစ်ပြီး လူစီးယာဉ်တွေကိုတော့ လျှောက်ထားခွင့်ပေးမှာမဟုတ်ပါဘူး။" ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးကပြောသည်။

ကုမ္မဏီလိုင်စင်ဖြင့် လုပ်ငန်းသုံး ယာဉ်ယန္တရားများကို ပြည်ပနိုင်ငံများမှာသာမက နယ်စပ်ဒေသများကပါ တင်သွင်းခွင့်ပေးသွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံရှိ လုပ်ငန်းသုံးကားများ တင်သွင်းမှုမှာလည်း ပိုမိုအားကောင်းလာမည်ဖြစ်ကြောင်း သိရသည်။

ကလောင်ရှင် – ခေတ်သစ်

Author