တင်သွင်းသော ကားအမျိုးအစား မိုဒယ်တူညီသော်လည်း ဝယ်ယူသည့် ကုမ္ပဏီနှင့် အချိန် မတူညီပါက အခွန်စည်းကြပ်တန်ဖိုး တူညီမည်မဟုတ်

0

Full article

ပြည်ပက ကားတင်သွင်းရာတွင် ကားအမျိူးအစား မိုဒယ် အားလုံးတူညီနေသော်လည်း ဝယ်ယူသည့် ကုမ္ပဏီနှင့်အချိန် မတူညီပါက ကားဝယ်ယူသူတစ်ဦးနှင့်တစ်ဦး အခွန်စည်းကြပ် ဈေးနှုန်းတူညီမည် မဟုတ်ကြောင်း အကောက်ခွန်ဦးစီးဌာနက သိရသည်။

" ကားအမျိူးအစားနဲ့ မိုဒယ်တူနေလည်း တင်သွင်းလာတဲ့ ကုမ္ပဏီတွေ မတူရင် ဈေးနှုန်း စည်းကြပ်တာတူမှာ မဟုတ်ဘူး။ ဥပမာ i phone တစ်လုံးကို စက်ရုံထုတ်ဈေးနဲ့ ဝယ်တာချင်းအတူတူ စရောင်းဖို့ ကြေငြာတဲ့ဈေးက တစ်ဈေးထဲဖြစ်ပေမယ့် နောက်ပိုင်းကျရင် ဈေးကျသွားတယ်။ promotion ပေးတဲ့ကာလမှာ ဝယ်ရင်ဈေးတစ်မျိုး ဖြစ်နေတာတွေရှိမယ်။ ဝယ်ခဲ့တဲ့ကုမ္ပဏီလည်း မတူရင် ရောင်းလိုက်တဲ့ ဈေးကလည်းတူမှာ မဟုတ်ဘူး။ ကိုယ်ဝယ်ခဲ့တဲ့ ကုန်ပစ္စည်းဈေးကို အမှန်ဈေးတင်ပြဖို့တော့ လိုပါတယ်။" ဟု အကောက်ခွန်ဦးစီးဌာန တန်ဖိုးဖြတ်စည်းကြပ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကားတင်သွင်းသူများသည် ဝယ်ယူထားသော ကုန်ပစ္စည်း တန်ဖိုးကို မှန်ကန်စွာ တင်ပြရန်လိုအပ်ပြီး ဝယ်ယူထားသော ပစ္စည်းဈေးနှုန်း မှန်ကန်မှုရှိ၊ မရှိကို valuation အချက် ၆ ချက်နှင့် ကိုက်ညီမှုရှိရမည်ဖြစ်ကာ ဝယ်ယူသောလာသော ကုန်ပစ္စည်း ဈေးနှုန်းကို မမှန်မကန် တင်ပြလာပါက ကုန်ပစ္စည်း တန်ဖိုး ၃ ဆ (သို့မဟုတ်) ထောင်ဒဏ် ၃ နှစ် အထိ ချမှတ်နိုင်ကြောင်း သိရသည်။

ပြည်ပမှတင်သွင်းလာသော ကုန်ပစ္စည်းများနှင့် ကားများကို တန်ဖိုးသတ်မှတ်ရေးအတွက် တင်ပြလာသော စာရွက်စာတမ်းများနှင့် e-documents အပါအဝင် ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေ ပုဒ်မ ၁၉၄ (က)(၁)အရ ၇ နှစ်အထိ ထိန်းသိမ်းထားရှိရမည် ဖြစ်ကြောင်းနှင့် အကောက်ခွန်အရာရှိမှ စစ်ဆေးရန်တောင်းခံသောအခါ (သို့မ ဟုတ်) စစ်ဆေးမေးမြန်သည့်အခါတွင် မပျက်မကွက်တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
R-01

Author