အခွံချိန်း၊ အလုံးချိန်း၊ ဖောက်စွပ်ကားများ တိုက်ကြေကားအဖြစ် လိမ်လည်အပ်နှံပါက ယာဉ်ပိုင်ရှင်ကိုပါ အရေးယူသွားယူမည်

0

Full article

ယာဉ်အစိတ်အပိုင်း မမှန်မကန် ပြောင်းလဲထားသော အခွံချိန်း၊ အလုံးချိန်း၊ body coach ဖောက်စွပ်ပြောင်းလဲထားသော ကားများအား တိုက်ကြေကားအဖြစ် လုပ်ကြံဖန်တီး၍ ယာဉ်ကိုလာရောက်အပ်နှံပါက လိမ်လည်အပ်နှံသော ယာဉ်ပိုင်ရှင်ကိုပါ အရေးယူသွားမည်ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ယာဉ်ပိုင်ရှင်များအနေနှင့် ယာဉ်တိမ်းမှောက်မှု၊ ထိခိုက်မှု ဖြစ်ပွားမိသောကြောင့် ပြန်လည်ပြင်ဆင်ရန် ခက်ခဲပါက အကြီးစားပြင်ဆင်ခွင့် တင်ပြရယူနိုင်ရာ ဖောက်စွပ်ပြုလုပ်ထားသောကားများကို ထုချေ၍ တိုက်ကြေအဖြစ် သံရည်ကျို အပ်နှံပြီး တိုက်ကြေစလစ် ထုတ်ယူမှုများရှိလာသည့်အတွက် စစ်ဆေးတွေ့ရှိမိပါက ကားအားသိမ်းဆည်းမည့်အပြင် ယာဉ်ပိုင်ရှင်ကိုပါ အရေးယူသွားမည် ဖြစ်သည်။

"ဖောက်စွပ်လုပ်ထားတဲ့ ကားတွေကို လုံးဝ ခွင့်မပြုပါဘူး။ ဖောက်စွပ်ကားကို တိုက်ကြေကားလိုမျိုး စက်တွေနဲ့ လုပ်ကြံ ဖန်တီးပြီး တိုက်ကြေအနေနဲ့ ခိုးအပ်တာတွေ ရှိလာတယ်။ တကယ်လို့ စစ်ဆေးတွေ့ရှိရင် ကားကိုလည်းသိမ်းမယ်၊ ကားပိုင်ရှင်ကိုလည်း အရေးယူသွားမှာပါ။" ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ယာဉ်စစ်ဆေးရေး အင်ဂျင်နီယာမှုး တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယာဉ်များ အစိတ်အပိုင်းမမှန်မကန် ပြုလုပ်ထားသည့် အခွံချိန်း၊ အလုံးချိန်း၊ ဖြတ်ဆက်၊ ဖောက်စွပ်၊body coach ပြောင်းလဲထားသည့်ကားများကို ယာဉ်မှတ်ပုံတင် အထောက်အထားများအားလုံး (ယာဉ်မှတ်ပုံတင် စာအုပ် (ကမ-၃)၊ ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ် CVR၊ ယာဉ်စစ်ဆေးပြီးကြောင်းသက်သေခံအထောက်အထား VIS ၊ ယာဉ်စစ်ဆေးချက်သက်သေခံလတ်မှတ် VIC၊ မော်တော်ယာဉ် မှတ်ပုံတင်နံပတ်ပြား) တို့ကိုဌာနမှ ချက်ခြင်းသိ်မ်းဆည်း၍ ယာဉ်မှတ်ပုံတင် ဖျက်သိမ်းမည့်အပြင် ယာဉ်အားရဲစခန်းသို့ အပ်နှံသွားမည်ဖြစ်သည်ဟု ကြေညာထားသည်။

တစ်နိုင်ငံလုံးတွင် ယာဉ်အစိတ်အပိုင်း မမှန်မကန် ဖောက်စွပ် ပြောင်းလဲထားသော ကားအစီးရေ ၂ဝဝ ကျော်ခန့်ရှိရာတွင် ယာဉ်မှတ်ပုံတင်ဖျက်သိမ်းထားခဲ့ပြီး နယ်မြေရဲတပ်ဖွဲ့စခန်းများ၌ သိမ်းဆည်းထားသည့်ယာဉ် အစီးရေမှာ ၄၅ စီး အထိရှိကြောင်း သိရသည်။

Author

Comments