ရန်ကုန်ဆေးရုံကြီးဝန်းအတွင်း စည်းကမ်းမဲ့ရပ်နားထားသော တက္ကစီများ ကရိန်းကားဖြင့်ဆွဲယူမှုစတင်

0

Full article

ရန်ကုန်ပြည်သူ့ဆေးရုံကြီးဝန်းအဝင်ဝနှင့် လမ်းမများပေါ်တွင် စည်းကမ်းမဲ့ရပ်နားထားသော တက္ကစီများ ကရိန်းကားဖြင့်ဆွဲ၍ ဖယ်ရှားရှင်းလင်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

ရန်ကုန်ပြည့်သူ့ဆေးရုံကြီးအဝင်အဝတွင် ခရီးသည်များအတင်အချပြုလုပ်ခြင်း၊ taxi stand နေရာတွင် ရပ်နားခြင်းမပြုလုပ်ဘဲ ဆေးရုံရှေ့တွင် ရပ်နားထားသော တက္ကစီများကို ကရိန်းယာဉ်များအဆင်သင့်စောင့်ဆိုင်း၍ ဖယ်ရှားရှင်းလင်းအရေးယူမှုများအား စတင်ပြုလုပ်နေပြီဖြစ်ရာ မိမိတို့၏ မော်တော်ယာဉ်များ သတ်မှတ်နေရာများတွင် စနစ်တကျ ရပ်နားပေးပါရန် မေတ္တာရပ်ခံအသိပေးနှိုးဆော်ထားရှိသည်။

"ရန်ကုန်ဆေးရုံးဝန်းအဝင်ဝက လမ်းပေါ်မှာရပ်နားထားတဲ့တက္ကစီတွေကို ကရိန်းနဲ့ဆွဲတာတွေလုပ်သွားမယ်။ စည်းကမ်းမဲ့ရပ်နားပြီးခရီးသည်ခေါ်တာတွေကိုလည်း လှည့်ကင်းတွေနဲ့အရေးယူတာတွေလုပ်သွားမှာပါ။ ဆေးရုံအရှေ့က တက္ကစီရပ်နားဖို့နေရာတွေမှာမရပ်ဘဲ ဆေးရုံအဝင်အဝတွေမှာ ရပ်နားတဲ့ကားတွေ၊ ဘတ်စ်ကားမှတ်တိုင်မှာ ရပ်နားတာတွေလည်းအရေးယူသွားမှာပါ။" ဟု ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးက ပြောကြားခဲ့သည်။

ရန်ကုန်ပြည်သူ့ ဆေးရုံကြီးဝန်းအတွင်း မည်သည့် တက္ကစီမှ ရပ်နားခွင့် မရှိပါကြောင်းနှင့် တက္ကစီရပ်နားရန်နေရာများအား လမ်းမတော်လမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း နေရာများတွင် တက္ကစီသီးသန့် ရပ်နားနိုင်ရန် ပြုလုပ်ပေးထားလျှက်ရှိကြောင်း အသိပေးနှိုးဆော်ထားရှိသည်။

Author