ယာဉ်မရပ်ရ နေရာများတွင် စည်းကမ်းမဲ့ ရပ်နားထားသောယာဉ်များကို ကရိန်းကားဖြင့်ဆွဲယူ၍ ဒဏ်ကြေး ၅ သိန်းအထိ ဒဏ်ရိုက်အရေးယူမှုစတင်မည်

0

Full article

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်စည်းကမ်းဖောက်ဖျက်မှုများကြောင့် ယာဉ်ကြောပိတ်ဆို့ မှုများဖြစ်ပေါ်နေပြီး ယာဉ်မတော်တဆမှုများဖြစ်ပွားလျက်ရှိရာ ယာဉ်မရပ်ရနေရာများနှင့် ဖြူ၊ နီ၊ ကျားတွင် စည်းကမ်းမဲ့ ရပ်နားထားသောယာဉ်များကို ကရိန်းကားဖြင့်ဆွဲယူ၍ စည်ပင်ဥပဒေ အသစ်အရ အမြင့်ဆုံးဒဏ်ကြေး ၅ သိန်းအထိ ဒဏ်ရိုက်နိုင်ပြီး ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

ထိုကဲ့သို့ ရန်ကုန်မြို့တော်အတွင်း ယာဉ်မရပ်ရနေရာများတွင် ရပ်နားထားသောယာဉ်များ၊ ယာဉ်နှစ်ထပ်ရပ်ထားသောယာဉ်များ၊ ဖြူ၊ နီ၊ ကျားရေးဆွဲထားသည့် နေရာများတွင် ရပ်နားထားသောယာဉ်များ၊ အချက်ပြမီးပွိုင့်ဧရိယာအတွင်း ရပ်နားထားသောယာဉ်များအား စည်ပင်ဒဏ်ကြေးအပြင် ကရိန်းကားဖြင့်ဆွဲယူ၍ ကရိန်းဆွဲခအပြင် မော်တော်ယာဉ် ဥပဒေအတိုင်း ထိရောက်စွာ အရေးယူဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်းသိရသည်။

"ယာဉ်မရပ်ရနေရာတွေနဲ့ ယာဉ်နှစ်ထပ်ရပ်နားတဲ့ကားတွေကို ထိရောက်စွာအရေးယူတာတွေ၊ ကရိန်းကားနဲ့ဆွဲယူတာတွေ လုပ်တော့မှာပါ။ အရေးယူတဲ့အခါမှာလည်း စည်ပင်ဥပဒေနဲ့အပြင် မော်တော်ယာဉ် ဥပဒေအတိုင်း အရေးယူတာတွေလုပ်မှာပါ။" ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မကြာသေးမီက အတည်ပြုလိုက်သော စည်ပင်ဥပဒေ အသစ်တွင် လမ်းနှင့်စင်္ကြန်ပေါ်၌ ညအိပ်ရပ်နားခြင်း၊ အချိန်ကြာမြင့်စွာရပ်နားခြင်း၊ ကားရေဆေးခြင်း၊ မြို့တော်နယ်နိမိတ်အတွင်း မီးစက်နှင့် အခြားကိရိယာများချထားခြင်းများကို တွေ့ရှိရပါက ဒဏ်ငွေ ကျပ် ၁ သိန်းမှ ၅ သိန်းအထိ ဒဏ်ရိုက်အရေးယူနိုင်ရန် သတ်မှတ်ထားပြီး ထောင်ဒဏ်အထိချမှတ်နိုင်ကြောင်းလည်းသိရသည်။

Author