စည်းကမ်းမဲ့ ရပ်နားထားသော ယာဉ်များကို စည်ပင်ဥပဒေဖြင့် ဒဏ်ရိုက်၍ ကရိန်းကားဖြင့်ဆွဲယူမည်

0

Full article

ယာဉ်မရပ်ရ နေရာများတွင် စည်းကမ်းမဲ့၊ အကြောင်းမဲ့၊ ရပ်နားထားသော ယာဉ်များကို စည်ပင်ဥပဒေသစ်ဖြင့် ဒဏ်ရိုက်၍ ကရိန်းကားဖြင့်ဆွဲယူကာ အရေးယူမှုစတင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းမပေါ်တွင် အကြောင်းမဲ့ အချိန်ကြာမြင့်စွာ ရပ်နားထားသော ယာဉ် ၂ စီးကိုလည်း ၂ဝ၁၈ ရန်ကုန်မြို့တော်စည်ပင်သာယာ ဥပဒေဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း ဧပြီလ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) မှ အသိပေးကြေညာချက် ကပ်ခဲ့ကြောင်းသိရသည်။

"ယာဉ်မရပ်ရနေရာတွေနဲ့ ယာဉ်နှစ်ထပ်ရပ်နားထားတဲ့ ကားတွေကို အရေးယူနေပါတယ်။ စည်းကမ်းမဲ့ရပ်နားရင် ကရိန်းကားနဲ့ ဆွဲယူတာတွေလုပ်တော့မှာပါ။ အရေးယူတဲ့အခါမှာလည်း စည်ပင်ဥပဒေနဲ့ရော၊ မော်တော်ယာဉ် ဥပဒေအတိုင်းပါ အရေးယူတာတွေလုပ်မှာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အချိန်အကြာကြီး အကြောင်းမဲ့ရပ်ထားတဲ့ကားတွေကို စည်ပင်ဥပဒေနဲ့ အရေးယူဖို့ အသိပေးတာတွေလုပ်နေပါပြီ။" ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

၂ဝ၁၈ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ၏ လမ်းနှင့်တံတားဆိုင်ရာ တားမြစ်ချက်များဖြစ်သော ပုဒ်မ ၃၁၅၊ ပုဒ်မခွဲ (ဋ) တွင် မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း လမ်းနှင့်စင်္ကြံများပေါ်တွင် ယာဉ်တစ်မျိုးမျိုးကို ရေဆေးခြင်း၊ ပြင်ဆင်ခြင်း၊ ခွင့်ပြုချက်မရှိဘဲ ညအိပ်ရပ်နားခြင်း မပြုရဟူ၍လည်းကောင်း။ ပုဒ်မ ၃၁၅၊ ပုဒ်မခွဲ (ဍ) တွင် မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း အများပြည်သူဆိုင်ရာလမ်းပေါ်တွင် အကြောင်းမဲ့ကြာမြင့်စွာ ယာဉ်ရပ်တန့်ခြင်း၊ ပြုပြင်ခြင်း၊ ထားရှိခြင်းမပြုရ ဟူ၍လည်းကောင်း၊ ပုဒ်မ ၃၁၅၊ ပုဒ်မခွဲ (ဎ) တွင် မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း အများပြည်သူဆိုင်ရာလမ်းပေါ်တွင် ယာဉ်သွားလာခြင်း၊ ရပ်နားခြင်းကို အနှောင့်အယှက်ဖြစ်စေသည့် အတားအဆီးမပြုရဟူ၍လည်းကောင်း ပြဌာန်းထားပြီး ၂ဝ၁၈ စည်ပင်ဥပဒေသစ်တွင် အသိပေးကြေညာချက် ဖော်ပြခဲ့သည်။

Author