သင်္ကြန်ရက်များအတွင်း ယာဉ်နံပတ် မပါရှိသောကားများနှင့် လိုင်စင်မဲ့ကားများကို တစ်ပါတည်းသိမ်းဆည်း၍ ထိရောက်စွာ ဖမ်းဆီးအရေးယူမည်

0

Full article

ရန်ကုန်တိုင်းဒေသကြီး၌ သင်္ကြန်ရက်များအတွင်း ယာဉ်နံပတ်မပါရှိသောကားများနှင့် လိုင်စင်မဲ့ကားများကို စစ်ဆေးတွေ့ရှိပါက ထုတ်ကုန်သွင်းကုန် ဥပဒေအရ တစ်ပါတည်း သိမ်းဆည်း၍ ထိရောက်စွာ ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

သင်္ကြန်ကာလအတွင်း မူးယစ်သောက်စားယာဉ် မမောင်းရ၊ မော်တော်ယာဉ်များ အိတ်ဇောပိုက်ဖြုတ်၍ မမောင်းနှင်ရ၊ ယာဉ်နံပတ်ပြားမပါရှိဘဲ မမောင်းနှင်ရ၊ ယာဉ်နံပတ်ပြားအတုများ အခြားယာဉ်နံပတ်ပြားတပ်ဆင်ခြင်း လုံးဝမပြုလုပ်ရ၊ ယာဉ်မောင်းလိုင်စင်နှင့် ယာဉ်မှတ်ပုံတင်၊ ယာဉ်ဝှီးတတ်မပါရှိဘဲ မမောင်းနှင်ရ၊ ဖျက်သိမ်းထားသော ယာဉ်အိုယာဉ်ဟောင်းများ မှတ်ပုံမတင်ရသေးသော ယာဉ်များနှင့် ပြုပြင်ဆဲယာဉ်များ မမောင်းနှင်ရကြောင်း စည်းကမ်းချက်များ အသိပေးကြေညာထားရှိပြီး စစ်ဆေးတွေ့ရှိပါက ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"သင်္ကြန်ကာလအတွင်းမှာ မော်တော်ယာဉ်မောင်းနှင်တာတွေအတွက် လိုက်နာရမယ့် စည်းကမ်းချက်တွေ အသိပေးထားပါတယ်။ သင်္ကြန်အတွင်းမှာလည်း ယာဉ်နံပတ်ပြား မပါတာတွေ မှတ်ပုံမတင်ထားတဲ့ လိုင်စင်မဲ့ယာဉ်တွေ ကို ထိထိရောက်ရောက် အရေးယူဖမ်းဆီးသွားမှာပါ။ လိုင်စင်မဲ့ယာဉ်ကို စစ်ဆေးတွေ့ရှိရင် ထုတ်ကုန်သွင်းကုန်ဥပဒေနဲ့ ကားကိုတစ်ပါတည်းသိမ်းဆည်းသွားမှာပါ။" ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂ဝ၁၈ ခုနှစ်တွင် လိုင်စင်မဲ့ကား ၁၃ဝ စီးကို ဖမ်းဆီးရမိခဲ့ပြီး တရားမဝင်လိုင်စင်မဲ့ကားများကို စစ်ဆေးတွေ့ရှိပါက သွင်းကုန်ထုတ်ကုန်ဥပဒေ ပုဒ်မ ၈ အရ ယာဉ်အားနိုင်ငံပိုင်အဖြစ် သိမ်းဆည်းသွားမည့်အပြင် တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Author

Comments