ရန်ကုန်မြို့တွင် တရားမဝင်ပြေးဆွဲနေသော ကြားကား/အောက်ဆိုဒ်ကားများကို ထိရောက်စွာ အရေးယူသွားမည်ဟုဆို

0

Full article

ရန်ကုန်တိုင်းဒေသကြီးတွင် တရားမဝင်ပြေးဆွဲနေသော ကြားကား/အောက်ဆိုဒ်ကားများကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ပြီး သင်္ကြန်ကာလအတွင်း တရားဝင်ယာဉ်လိုင်းမဟုတ်သည့် ကြားကားများ ပြေးဆွဲနေမှုများကိုလည်း ထိရောက်သည့် ပြစ်ဒဏ်ချမှတ်၍ စစ်ဆေးအရေးယူသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ သိရသည်။

"တရားမဝင်ပြေးဆွဲနေတဲ့ ကြားကား၊ အောက်ဆိုဒ်ကားတွေကိုလည်း ထိထိရောက်ရောက်အရေးယူတာတွေလုပ်နေပါတယ်။ နောက်လည်း ထိထိရောက်ရောက်ဖမ်းဆီး စစ်ဆေးပြီး အရေးယူတာတွေလုပ်သွားမယ်။ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကလည်း YBS ယာဉ်လိုင်းတွေကြားမှာ ပြေးဆွဲနေတဲ့ တရားမဝင်ကြားကားတွေကို အရေးယူဖို့ ညွှန်ကြားထားပြီးသားပါ။ သင်္ကြန်ရက်အတွင်းမှာ ကြားကားပြေးဆွဲတာတွေကို အရေးယူသွားမှာပါ။" ဟု ရန်ကုန်တိုင်းယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ခရီးသည်တင် YBS ယာဉ်လိုင်းများကို ညအချိန် ၂၄ နာရီ ထပ်တိုးပြေးဆွဲပေးနေရာ ကြားကားစနစ်ကို လက်ခံထားတာမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ၂ နှစ်ပြည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။

"ကြားကားစနစ်ကို လက်ခံထားတာမရှိပါဘူး။ ဥပဒေရဲ့အပြင်ကဆောင်ရွက်မှုပဲဖြစ်ပါတယ်။ ကြားကားဟာ တရားဝင်လုပ်ငန်းမဟုတ်တဲ့အတွက် တရားဝင်လုပ်ငန်းကိုပဲ အဆင်ပြေချောမွေ့အောင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့က ၂၄ နာရီပြေးဆွဲနေတဲ့ယာဉ်လိုင်းတွေနဲ့ YRTA ထဲမှာရှိတဲ့ယာဉ်လိုင်းတွေကို ပူးပေါင်းပြီး ညဘက်တွေမှာ ပြေးဆွဲပေးဖို့ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။" ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

Author

Comments