Tata ကားများကို လက်ရှိတွင် လူစီးယာဉ်နှင့် လုပ်ငန်းသုံး အငှားယာဉ် ဖြန့်ဖြူးရောင်းချခြင်းသာ တွေ့ရှိရပြီး မကြာမီက Tata Motor နှင့် Apex Greatest Industrial Co.,Ltdတို့ ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရုံးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် Tata ဘတ်စ်ကား သုံးစီး လှူဒါန်းခဲ့ကြောင်း၊ ယင်းမှာ Tata Bus Brand ကို မိတ်ဆက်ခြင်းဖြစ်ကာ သက်ဆိုင်ရာ အစိုးရအဖွဲ့နှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ လုပ်ကိုင်မည့် ကုမ္ပဏီကြီးများမှ ကြိုက်နှစ်သက်မှုရှိ၍ မှာယူတင်သွင်းရန် ဖိတ် ခေါ်ပါက ဘတ်စ်ကားများ တင်သွင်းမည် ဖြစ်ကြောင်း သိရသည်။ "တောင်းဆိုလာမယ် ဆိုရင်တော့ ဘတ်စ်ကားတွေ တင်သွင်းဖို့ရှိတယ်၊ လက်ရှိအစိုးရအဖွဲ့ကို လှူဒါန်း တာက Tata Bus Brand ကို မိတ်ဆက်ပေးတာ၊ တကယ်လို့ ဒါကိုစီးကြည့်ပြီးမှ သဘောကျတယ်၊ မှာယူမယ်ဆိုရင်တော့ သယ်ယူပို့ဆောင်ရေးကဏ္ဍနဲ့ အကိုက်ညီဆုံး ဖြစ်တဲ့ Tata Bus ကားတွေ တင်သွင်းပေးမယ်၊ ဒီအတွက် ဈေးနှုန်းညှိနှိုင်းမှုတွေနဲ့ ဝယ်ယူမှုပုံစံတွေကိုလည်း ဆွေးနွေးလို့ရမယ်၊ အရစ်ကျဆိုရင်လည်း စီစဉ်ပေးမယ်"ဟု Apex Gratest Industral Co.,Ltd ဥက္ကဋ္ဌ ဦးကြည်သိန်းကပြောသည်။ Tata Motor ထုတ် ကားများကို ၂ဝ၁၃ ခုနှစ်၊ မတ်လမှစ၍ တင်သွင်းဖြန့်ဖြူး ရောင်းချပေးခြင်း ဖြစ်ပြီး Tata ကားအရောင်းပြခန်းကို မင်္ဂလာတောင်ညွန့်မြို့နယ်၊ တိရစ္ဆာန်ဥယျာဉ်ဘေး၌ ဖွင့်လှစ်ထားကာ Tata လုပ်ငန်းသုံးကား၊ အငှားယာဉ်၊ အိမ်စီးကား၊ ကုန်တင် ယာဉ်ကြီး/ငယ်များကို ငွေကျပ် သိန်း ၁၁ဝ မှ ၆၁ဝ အတွင်း ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
Ref: Automobile