ယာဉ်ထိခိုက်မှုဖြစ်ပွားလျှင် ချယ်စီတစ်ဝိုက်ကို ပြင်ဆင်မည်ဆိုပါက အကြီးစားပြင်ဆင်ခွင့်လျှောက်ထားရမည်

0

Full article

ယာဉ်မတော်တဆထိခိုက်မှုများဖြစ်ပွားခဲ့လျှင် ကား၏ဘေးတံခါးများ၊ နောက်ခြမ်းများ ပြင်ဆင်၍ ရနိုင်ပြီး ယာဉ်၏ ချယ်စီတစ်ဝိုက်ထိခိုက်မှုကို ပြင်ဆင်မည်ဆိုပါက အကြီးစားပြင်ဆင်မှုလျှောက်ထားပြီးမှ ပြင်ဆင်၍ရနိုင်မည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနကသိရသည်။

ယခု ယာဉ်အရောင်းအဝယ်ပြုလုပ်ရာတွင် အခွံချိန်း၊ အလုံးချိန်းခြင်းနှင့် body coach ပြောင်းလဲခြင်းကို စစ်ဆေးတွေ့ရှိပါက ယာဉ်မှတ်ပုံတင် ဖျက်သိမ်း၍ လိုင်စင်မဲ့ယာဉ် အဖြစ်သတ်မှတ်သိမ်းဆည်းသွားမည်ဆိုသော သတင်းများကြောင့် ယာဉ်မှန်၊မမှန်စစ်ဆေးပြီးမှ ဝယ်ယူမှုများရှိနေပြီး ယာဉ်တစ်စီးထိခိုက်မှုဖြစ်လာပါက မိမိသဘောဖြင့် ပြင်ဆင်မှုကို ခွင့်မပြုဘဲ ကညနတွင် အကြီးစားပြင်ဆင်မှုလုပ်ဆောင်ရန် လျှောက်ထားရမှာဖြစ်ကြောင်း သိရသည်။

" ကားတစ်စီးက ထိခိုက်မှုဖြစ်တာကို ပြင်ဆင်တာ ရှေ့ခြမ်းပြင်တာဖြစ်ဖြစ်၊ ကားရဲ့အနောက်ကတိုက်မိလို့ အနောက်ခြမ်းပြင်တာဖြစ်ဖြစ်ပြင်လို့ရပါတယ်။ အဓိကက ကားရဲ့ချယ်စီနဲ့ တစ်ဝိုက်နားကို မထိမိဖို့လိုတယ်။ ချယ်စီနေရာကိုထိပြီး ပြင်တော့မယ်ဆိုရင်တော့ အကြီးစားပြင်ဆင်ခွင့်လျှောက်ရမယ်။ ဘယ်နေရာတွေပြင်ဆင်မယ်ဆိုတာလည်း ဓါတ်ပုံအထောက်အထားပြရပါမယ်။"ဟု ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန ယာဉ်စစ်ဆေးရေး တာဝန်ရှိအင်ဂျင်နီယာမှူးတစ်ဦးက ပြောကြားသည်။

အခွံချိန်း၊ အလုံးချိန်း နှင့် ဖောက်စွပ်ပြုလုပ်ထားသော ကားများကို သံရည်ကြို အပ်နှံခွင့်ပေး၍ ကားဟောင်းစလစ်ထုတ်ပေးသင့်ကြောင်း ၊ တစ်ချိူ့ကားများက မသိနားမလည်၍ ဝယ်ယူထားသူများရှိနေပြီး လိုင်စင်မဲ့ကားအဖြစ်သတ်မှတ်ပါက နစ်နာမှုရှိနေကြောင်း ကားတင်သူများက ဝေဖန်ပြောဆိုနေကြသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲရေးအစည်းအဝေး ဆုံးဖြတ်ချက်အရ body coach ပြောင်းယာဉ်(၂၁၃)စီးကို မှတ်ပုံတင်ဖျက်သိမ်း ဆောင်ရွက်ခဲ့ပြီးဖြစ်ရာ အစိတ်အပိုင်း မမှန်မကန်ပြောင်းလဲထားသော ယာဉ်စီးရေမှာ (၅ဝဝ)စီးမှ (၆ဝဝ)စီးခန့်အထိ ရှိနိုင်ကြောင်း သိရသည်။

Regulation

Author