လုပ်ငန်းသုံးအတွက် အထူးသင့်လျော်လှသည့် Hyundai County minibus

0

Full article

မြန်မာနိုင်ငံတွင်း ခရီးသွားလာဖို့နှင့် မြို့တွင်းသုံး ကျောင်းကားများအတွက် အထူးသင့်တော်လှသော ကားတစ်စီး ကို ယခုအပတ်တွင်း သုံးသပ်ဖော်ပြပေးချင်ပါသည်။ ယခင် သီတင်းပတ်များကလည်း ၁၅ ယောက်စီး HIACE minivan အကြောင်းကို ရှင်းလင်းဖော်ပြပေးခဲ့ပါသည်။

ယခုအခါတွင်တော့ လူ ၁၆ ဦးမှ ၂၅ ဦးအကြား လိုက်ပါ စီးနင်းနိုင်သည့် _ Hyundai County_ 2007 ကားအမျိုးအစားအကြောင်း ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

အတွင်းနှင့် အပြင်ခန်း
Hyundai County ရှေ့ပိုင်းမှာ ခပ်ပြားပြားဖြင့် ခန့်ထည်လှပြီး တပ်ဆပ်ထားသော နှင်းခွဲမီးသည် ယာဉ်မောင်းသူ အဖို့ မိုးတွင်းတွင် လည်းကောင်း၊ ဆောင်းတွင်းတွင်လည်း လမ်းခရီးကို ထင်ထင်ရှားရှားမြင်စေနိုင်ပါသည်။ နောက်ပိုင်းကိုလည်း ကားရှေ့ပိုင်း၊ ကိုယ်ထည် ပုံစံများနှင့် လိုက်လျောညီထွေဖြစ်အောင် ပုံစံထုတ်လုပ်ထား ပါသည်။ လူ ၁၆ ဦး ချောင်ချောင်ချိချိ စီးနိုင်အောင် အတွင်းခန်းမှာ ကျယ်ဝန်းပြီး သက်သောင့်သက်သာရှိသော ကူရှင်ခုံများ၊ အော်ဒီယိုစနစ်နှင့် လေအေးပေးစက်လည်း တပ်ဆင်ထားပါသည်။ ပေါ့ပါးသော ဝန်များကို တင်နိုင် သည့် တန်းတစ်ခုကိုလည်း ထိုင်ခုံ၏ အထက် ကားအမိုးနားတွင် တပ်ဆင်ထားပါသည်။ ကားတစ်စီးလုံးတွင် လေထွက်သည့် အပေါက်များပါဝင်ပြီး ကားအတွင်းခန်း လင်းထိန်စေရန် fluorescence မီးကိုလည်း တပ်ဆင် ထားပါသည်။

အင်ဂျင်နှင့် စွမ်းဆောင်ရည်
Hyundai County တွင် တပ်ဆင်ထားသော D4DD 3900CC အင်ဂျင်သည် မြင်းကောင်ရေအား ၁၂ဝ နီးပါးကို ထုတ်လုပ်ပေးနိုင်ပြီး မြန်နှုန်းငါးကြိမ်ပြောင်းလဲနိုင်သော လက်ထိုးဂီယာကို တပ်ဆင်ထားပါသည်။ ၇၅ လီတာ ဆန့်သည့် ဆီကန်လည်းပါဝင်ပါသည်။ လုံခြုံရေးစနစ်အရတော့ မော်တော်ယာဉ် တိမ်းချော်မှုကို ထိန်းသိမ်းပေး သည့် anti-brake system ပါဝင်ပါသည်။ ဘရိတ်နင်းသည့်အခါ ထိထိမိမိရှိစေရန် disc brake များလည်း တပ်ဆင်ထားပါသည်။

Hyundai County ကားသည် ခရီးသွားလုပ်ငန်း၊ ကျောင်းကားလုပ်ငန်း၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းနှင့် ရုံးဝန်ထမ်းများအား အကြိုအပို့လုပ်ရန် အထူးသင့်လျော်သည့်ကားတစ်စီးဖြစ်ပြီး ဈေးနှုန်းအားဖြင့် သိန်း ၃ဝဝ ပတ်ဝန်းကျင်ရှိသော ကားဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါသည်။

Unicode Version




Author