ကားပါကင် ထောက်ခံချက်ထုတ်ပေးမှု ရပ်ဆိုင်းမှုအပေါ် သူတို့ရဲ့ အမြင်

0

Full article

 

မေး – ကားပါကင်ထောက်ခံချက်ထုတ်ပေးမှုကို ခေတ္တရပ်ဆိုင်းလိုက်တယ်ဆိုတဲ့ သတင်းအပေါ် ဘယ်လိုမြင်ပါလဲခင်ဗျာ။ အကယ်၍ ကားပါကင်ထောက်ခံချက်ကို ပယ်ဖျက်ပြီး ပြည်သူများအတွက် အဆင်အပြေနိုင်ဆုံး နည်းလမ်းအသစ်များကို အသုံးပြုသွားမယ်ဆိုလျှင် ဘယ်လိုအစီအစဉ်များ ဖြစ်လာနိုင်ချေရှိပါလဲခင်ဗျာ။ကားပါကင်ထောက်ခံချက်ဟာ ကားတင်သွင်းရောင်းချမှုများအတွက် ဘယ်လိုအခက်အခဲတွေရှိခဲ့ပြီး ယာဉ်ကြောကြပ်တည်းမှုလျှော့ချရေးအတွက် အထောက်အကူဖြစ်ခဲ့ပါလားခင်ဗျာ။ အကယ်၍ ကားပါကင်ထောက်ခံချက်ကို ပယ်ဖျက်ပြီး ပြည်သူများအတွက် အဆင်အပြေနိုင်ဆုံး နည်းလမ်းအသစ်များကို အသုံးပြုသွားမယ်ဆိုလျှင် ဘယ်လိုအစီအစဉ်များ ဖြစ်လာနိုင်ချေရှိပါလဲခင်ဗျာ။

ကိုထွဋ်ထိပ် (Distinct Trading Co.. Ltd)

ဖြေ – ကားပါကင်ထောက်ခံချက် နေရာမှာ အစားထိုးမယ့် ပေါ်လစီတစ်ခုခု ရှိပြီးမှ ရပ်ဆိုင်းရင်တော့ ပိုအဆင်ပြေတာပေါ့။ အခုကျတော့ ရန်ကုန်လိုင်စင်ပိတ်လိုက်တာနဲ့ အတူတူလောက်ဖြစ်သွားတယ်။ အခုက ဘာမှပြင်ဆင်ချိန်မရတော့ ဆိပ်ကမ်းထဲက ကားတွေ၊ on the way ကားတွေ၊ နိုင်ငံခြားမှာ ဝယ်ပြီးသားကားတွေအတွက်လည်း စဉ်းစားပေးသင့်တယ်။ ပြောဖူးပါတယ်။ ပါကင်ထောက်ခံချက် လျှောက်လို့ ပြန်ကျ၊ မကျဆိုတာ မသိရဘူး။ ဘယ်လောက်ကြာမယ်ဆိုတာလည်း အတိအကျ မရှိဘူး။ ဒီတော့ အချိန်ကုန်တယ်၊ အလုပ်ရှုပ်တယ်။ တဆင့် ပြန်ဝယ်ရတဲ့အခါ ငွေပိုကုန်တယ်။ ကိုယ့်ဆီမှာ ပါကင်နေရာအမှန်တကယ်ရှိနေပါလျက်နဲ့ လျှောက်တဲ့အခါ ကျချင်မှလည်း ကျတာ။ တချို့ဆို ကားက ဆိပ်ကမ်းရောက်နေပြီ၊ ကိုယ်လျှောက်ထားတဲ့ ပါကင်ထောက်ခံချက်က ကျမလာဘူး၊ ဒီတော့ သူများနာမည်နဲ့ တဆင့်ဝယ်လိုက်ရတယ်။ အဲ့ဒီတော့မှ ကိုယ့်ပါကင်ထောက်ခံချက်က ကျလာတော့ အလကားဖြစ်သွားရော။ ငွေကုန်၊ အချိန်ကုန်၊ လူပန်းတာပဲ အဖတ်တင်တယ်။ ရန်ကုန်မှာ ကားလျော့သွားလားဆိုတော့လည်း သိပ်မထူးပါဘူး။ ပြည်သူသာ ငွေကုန်ပြီး နိုင်ငံတော်အနေနဲ့လည်း ဘာမှမရဘူး။ ဒီတော့ ပါကင်ဖိုးကုန်မယ့်ငွေကိုသာ အစိုးရဆီ တရားဝင် ပေးသွင်းလိုက်တာမှ လမ်း၊ တံတားတွေ၊ infrastructure တွေအတွက် အသုံးပြုလိုက်မယ်ဆို ပိုအကျိုးရှိဦးမယ်။ အခုကျတော့ ကုန်ရကျိုးမနပ်ဘူး။ ရန်ကုန်လိုင်စင်လိုချင်တဲ့သူကတော့ ငွေကုန်ခံပြီး ရန်ကုန်လိုင်စင်ပဲ ရအောင်လျှောက်မှာပဲ။ ဒီတော့ ဒီစနစ်ကြောင့် ယာဉ်ကြောရှင်းသွားတယ်လို့ ပြောလို့မရဘူး။ ဒါပေမယ့် အနည်းအကျဉ်းတော့ နယ်လိုင်စင်ယူလိုက်တဲ့ ကားတွေတော့ ရှိမှာပေါ့။ ရန်ကုန်လိုင်စင်ကားတွေ အနည်းနဲ့အများ ဈေးတက်သွားနိုင်တယ်။ မဖြစ်မနေ ကားအသစ်လိုချင်တဲ့သူတွေကျတော့ နယ်လိုင်စင်တွေနဲ့ စီးကြရတော့မှာပေါ့ ရန်ကုန်လိုင်စင်အတွက်ဆိုရင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို ငွေဘယ်လောက် တရားဝင်ပေးသွင်းရမယ်ဆိုတာမျိုး လုပ်လည်းရတယ်။ ငွေကုန်မှာချင်းအတူတူ အလုပ်မရှုပ်ဘူး၊ စိတ်မဆင်းရဲကြရတော့ဘူးပေါ့။ အဲဒီငွေကိုလည်း အကျိုးရှိရှိ အသုံးပြုလို့ရသွားတာပေါ့။ နောက်ထပ်စနစ်တွေလည်း ရှိဦးမှာပါ။ အဓိကကတော့ ဘယ်စနစ်၊ ဘယ်ပုံစံကိုသုံးသုံး ကြိုကြိုတင်တင် ပွင့်လင်းမြင်သာဖို့နဲ့ ရေရှည်တည်တံ့ဖို့တော့ လိုမယ်ထင်တယ်။ ။ အဲ့လောက်ပါပဲ။

ကိုရန်မျိုးအောင် (Unity Automotive Car Sale Center)

ဖြေ – ကားပါကင်ကို သတ်မှတ်ခဲ့တာ အရင် အစိုးရလက်ထက်ကပေါ့နော်။ ယခုအစိုးရလက်ထက်မှာ ယခု ကားပါကင် ကိစ္စကို ခတ္တရပ်ဆိုင်းလိုက်တာပါ။ အဓိကကတော့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှ ကားတင်သွင်းမှု အခြေအနေနှင့် ယာဉ်ကြောပိတ်ဆို့မှုလျော့ချရေးအတွက် ဆွေးနွေးပွဲလုပ်ကြတဲ့အခါ ကားပါကင်ထောက်ခံချက်ဆိုတာ လာဝယ်တဲ့သူတွေ ရောင်းတဲ့ သူတွေနဲ့ ဈေးကွက်တစ်ခုလိုဖြစ်လာပြီး တစ်ဘက်မှာတော့ ယာဉ်ကြောပိတ်ဆို့မှု လျော့ချရေးအတွက် အထောက်အကူကြီးကြီးမားမား မပေးလိုက်ဘူးဖြစ်သွားတာပါ။ တစ်ဦးချင်း ကားပါကင် လျှောက်ထားပြန်တော့လည်း ပါကင်ပါမစ်အတွက် ရောင်းကြ ဝယ်ကြနဲ့ အဆင်မပြေဖြစ်လာလို့ ခတ္တရပ်နားပြီး အကောင်းဆုံးနည်းလမ်းနဲ့ အဖြေရှာဖို့ဆိုပြီး ယခုလို ဆုံးဖြတ်ချက်ချလိုက်ရခြင်းဖြစ်ပါတယ်။ တစ်ဘက်မှာလည်း မော်တော်ယာဉ် လမ်းပန်းဆက်သွယ်ရေးအတွက် အဆင်ပြေချောမွေ့မှုရှိအောင် ဆောင်ရွက်မှလည်း ယာဉ်ကြောပိတ်ဆို့မှု ပြဿနာက လျော့နည်းသွားမှာဖြစ်ပါတယ်။ ယခုအစိုးရအနေနဲ့လည်း အားနည်းနေသေးတဲ့ မော်တော်ယာဉ်တင်သွင်းခွင့် နဲ့ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာတွေမှာ infrastructure တွေကိုချက်ချင်းမြှင့်တင်ပေးဖို့ မဖြစ်နိုင်သေးပဲ ဖြည်းဖြည်းချင်း အဖြေရှာသွားမှရမှာပါ။လာမယ့် ၃ဝရက်နေ့မှာ ကားအသင်း လပတ်လည်ဆွေးနွေးပွဲရှိပါတယ်။ အဲဒီပွဲမှာ ကျွန်တော်တို့အနေနဲ့ ပြည်သူလူထုအတွက် အကောင်းဆုံးနည်းလမ်းတွေကို တိုင်ပင် ဆွေးနွေးအဖြေရှာပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရကို တင်ပြပေးသွားမှာဖြစ်ပါတယ်။

ကိုဖြိုးဇေဦး (Myanmar Theingi Co.,Ltd)

ဖြေ – အခုဒီရက်ပိုင်း ကားပါကင်ထောက်ခံချက်တွေ အသစ်မချပေးတော့ဘူး။ နောက်ဆုံးကျထားတဲ့ ပါကင်ထောက်ခံချက်တွေက ၂၄ ရက် ဧပြီ ၂ဝ၁၆ မှာအားလုံးသက်တမ်းကုန်သွားပြီဆိုတော့ ဈေးကွက်မှာပါကင်ထောက်ခံချက် လုံးဝမရှိတော့ဘူး။ အဲဒီတော့ ဘာဖြစ်လဲဆိုတော့ မတ်လကုန် နဲ့ ဧပြီ လဆန်းမှာ ထောက်ခံချက်တင်ထားတဲ့သူတွေက ထောက်ခံချက်မကျတော့ဘူး။ သူတို့သွင်းထားတဲ့ ကားတွေက သင်္ကြန်ပိတ်ရက်ကိုရန်ကုန်ဆိပ်ကမ်းရောက်လာတော့ ခုသင်္ကြန်ပိတ်ရက် အပြီးမှာလဲ ပါကင်ထောက်ခံချက်မရတော့ သွင်းကုန်လိုင်စင်လျောက်လို့ မရဘူး ၊ ဆိပ်ကမ်းကကားတွေထုတ်မရတဲ့ပြသနာဖြစ်နေတယ်။ ပြီးတော့နောက်ဥပဒေတခုက ဆိပ်ကမ်းမှာ ရောက်တဲ့ကားက သွင်းကုန်လိုင်စင် မကျသေးပဲ ရက် ၆ဝ ကျော်ရင် သိမ်းခံရမယ့်ဥပဒေကလဲရှိတယ်။ အဲဒီတော့ ရန်ကုန်လိုင်စင် နဲ့ အသုံးပြုမယ့် ကားဝယ်ယူသူတွေက သွင်းကုန်လိုင်စင်တင်မရလို့ အခက်အခဲဖြစ်ကုန်တယ်။ ရန်ကုန်ကလွဲပြီးတခြားပြည်နယ်နဲ့တိုင်းတွေကတော့ ကားသွင်းရင် ကားပါကင် ထောက်ခံချက်မလိုဘူးဆိုတော့ ဒီပြသနာမရှိပါဘူး။

မေး – ။ အခြားတိုင်းပြည်များတွင် ယခုလို ကားပါကင်ထောက်ခံချက်လိုမျိုး ရှိပါသလားခင်ဗျာ။

ကိုထွဋ်ထိပ် (Distinct Trading Co.. Ltd)

ဖြေ – နိုင်ငံတကာနဲ့ယှဉ်ရင် ကိုယ်တွေတိုင်းပြည်မှာ ကားအရေအတွက် အရမ်းနည်းနေပါသေးတယ်။ မကန့်သတ်သင့်ပါဘူး။ လွတ်လွတ်လပ်လပ် စီးကြပါစေဗျာ။ ရန်ကုန်ကတော့ ကားအရမ်းပိတ်တာမို့ ခြွင်းချက်ပေါ့။

ကိုရန်မျိုးအောင် (Unity Automotive Car Sale Center)

ဖြေ – ဖွံဖြိုးဆဲ ဖွံ့ဖြိုးပြီး တိုင်းပြည်တွေအနေနဲ့လည်း တစ်ခုနဲ့တစ်ခု မူဝါဒတွေမတူကြပါဘူး။ ဥပမာ စင်္ကာပူမှာဆို အခန်းတစ်ခန်း အိမ်တစ်အိမ်ဝယ်လိုက်တာနဲ့ ပါကင်ပါမစ်ပါပါပြီးသားပါ။ ကားဝယ်မယ်ဆိုလည်း လူတစ်ယောက်ကို နံပါတ်တစ်ခုပေးလိုက်ပါတယ်။ ဘယ်ကားကိုပြောင်းစီးစီး ဒီနံပါတ်ပါပဲ။ မပြောင်းပါဘူး။ ကားပါကင်ပါမစ်အတွက် မရှိတဲ့ တိုင်းပြည်ရှိသလို မရှိတဲ့ တိုင်းပြည်တွေလည်းရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေဲ့ မူဝါဒပိုင်းဆိုင်ရာမှာ ကောင်းတဲ့ အချက်ကလေးတွေကို အတုယူတင်ပြဆွေးနွေးပြီး တည်ငြိမ်တဲ့ မူဝါဒတွေချမှတ်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်သွားမှာပါ။

ကိုဖြိုးဇေဦး (Myanmar Theingi Co.,Ltd)

ဖြေ – ပထမ ၂ဝ၁၅ အစပိုင်းတုန်းက မော်တော်ယာဉ်ကြပ်တည်းမှုလျော့ချရေးဆိုပြီး အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ပါတယ်။ မော်တော်ယာဉ်ကြပ်တည်းမှုပြသနာလျော့ချ ဖို့ဆိုပြီးနည်းလမ်း ၈ ခုလား ၉ ခုလား ချမှတ်တယ် သိပ်တော့မမှတ်မိတော့ဘူး။ အဲ့ဒီထဲကတစ်ခုအပါအဝင်ဖြစ်တဲ့ မော်တော်ယာဉ်တင်သွင်းမှုလျော့ချရန်ဆိုပြီး ရန်ကုန်လိုင်စင်ကားတင်သွင်းဖို့ဆိုရင် ကားပါကင်ထောက်ခံချက် လိုမယ်ဆိုပြီး မူဝါဒချမှတ်သူတွေက သတ်မှတ်လိုက်ကြပါတယ်။ တစ်ကယ်တမ်း လက်တွေ့မှာတော့မေ ျှာ်လင့်သလို ဖြစ်မလာပဲကားပါကင်ထောက်ခံချက်ဆိုတာ ကြီးမားတဲ့ဈေးကွက်တစ်ခုဖြစ်လာပါတယ်။ ဒီလိုလုပ်လိုက်တာက ကားတင်သွင်းမှု အနည်းငယ်လျော့ကျသွားပေမယ့် အဓိကလုပ်ဆောင်ရမှာဖြစ်တဲ့ မော်တော်ယာဉ်ကြပ်တည်းမှု လျော့ချရေးဆိုတာကတော့မအောင်မြင်လိုက်ပါဘူး။ တစ်ကယ်တမ်းတော့တခြားတိုင်းပြည်အများစု မှာလည်းကားပါကင်ထောက်ခံချက်ရှိမှ ကားပိုင်ခွင့်ရတယ် ကိုယ်ပိုင်မြေနေရာမှာ ကားထားစရာမရှိရင် မြို့နယ်အလိုက်ပေးထားတဲ့ Public car parking area တွေမှာ အခကြေးငွေပေးပြီးထားမယ် ဆိုလဲရပါတယ်။ ကျနော်တို့နိုင်ငံမှာကျတော့ Public car parking area တွေအလုံအလောက်မရှိသေးပဲ ဒီစနစ်ကြီးကိုလုပ်လိုက်တော့အားလုံးအခက်တွေ့ကုန်ရော။ လမ်းမတွေမှာကားရပ်နားထားတာကကားကြပ်ရတဲ့အဓိကအကြောင်းရင်းတစ်ခုပဲလေ။ ကျနော့်အမြင်ပြောရရင် ချမှတ်တဲ့မူကကောင်းတယ် ဒါပေမယ့်တိုင်းပြည်မှာ infrastructure အားနည်းနေတုန်းအချိန်မှာ လုပ်တော့အဆင်မပြေဘူး။

မေး – ယခုလက်ရှိ ပေါ်လစီများအတိုင်းဆိုလျှင် ၂ဝ၁၆ ခုနှစ်အတွက် ပြည်တွင်းမော်တော်ယာဉ် အရောင်းအဝယ်ဈေးကွက်အခြေအနေ ဘယ်လိုဖြစ်လာနိုင်ပါသလဲခင်ဗျာ။

ကိုထွဋ်ထိပ် (Distinct Trading Co.. Ltd,)

ဖြေ – လက်ရှိပေါ်လစီကိုက ဘယ်လိုမှန်း အတိအကျမသိသေးတော့ ဈေးကွက်အလားအလာ မှန်းဖို့ စောနေပါသေးတယ်။ သေချာတာက ပေါ်လစီတွေ တင်းကြပ်လေလေ ကားဈေးက တက်လေလေပါ။ ကားဈေးတက်တော့ ပြည်သူအများရဲ့ ကိုယ်ပိုင်ကားစီးချင်တဲ့ အိပ်မက်လေးတွေနဲ့က ဝေးလေလေတော့ဖြစ်နေမှာပါ။ ဒါပေမယ့်လည်း တိုင်းပြည်ရဲ့ လက်တလော အနေအခြေအရ ပြည်သူတွေ ကိုယ်ပိုင်ကား စီးနိုင်ကြဖို့ထက် တခြားအရေးကြီးတဲ့ ပညာရေး၊ ကျန်းမာရေး စတာတွေ ရှိနေသေးတာမို့ ဖိအားတစ်ခုအနေနဲ့ ဘာမှ မတောင်းဆိုလိုပါဘူး။ အစိုးရသစ်လက်ထက်မှာ Public transportation ကို အဓိကထား အားပေးသွားမှာတော့ သေချာပါတယ်။ ဆိုးဆိုးရွားရွား ပေါ်လစီမဟုတ်ဘူးဆိုရင်တော့ ဘာပဲဖြစ်ဖြစ် ဖြစ်လာသမျှအခြေအနေအပေါ်မှာ လက်ခံသွားမှာပါ။

ကိုရန်မျိုးအောင် (Unity Automotive Car Sale Center)

ဖြေ – ၂ဝ၁၆ ခုနှစ်အတွက် ပြည်တွင်းမော်တော်ယာဉ်ဈေးကွက်က အတက်ဘက်ကို ဦးတည်နေတယ်လို့ မြင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ချမှတ်ထားတဲ့ မူဝါဒတွေကလည်း မတည်ငြိမ်သေးတဲ့အပြင် ယခုအချိန်ထိလည်း တိကျသေချာတဲ့ မူဝါဒတွေ မသတ်မှတ်နိုင်သေးတာကြောင့် ကားတင်သွင်းမှုအပိုင်းမှာ အခက်အခဲလေးတွေရှိလာနိုင်တာကြောင့်ပါ။

ကိုဖြိုးဇေဦး (Myanmar Theingi Co.,Ltd)

ဖြေ- မူဝါဒချမှတ်မှုအပိုင်းမှာ ပြောရမယ်ဆိုရင် ကားတင်သွင်းမှုလုပ်တဲ့ SME စီးပွားလုပ်ငန်းရှင်အများစုက အလုပ်သာလုပ်နေရတယ် မူဝါဒအတိအကျ အာမခံချက်မရှိဘူး။ ဒီလ ကားပါကင်ထောက်ခံချက် မချပေးဘူးဆိုတာကို ဒီလမှပြောတော့လုပ်ငန်းရှင်တွေဖက်က ကြည့်ရင်မ ျှတမှုမရှိဘူး ရန်ကုန်လိုင်စင် ဝယ်လိုတဲ့ customer တွေကို ရန်ကုန်လိုင်စင်လုပ်ပေးလို့မရတော့ဘူး။ အပြောင်းအလဲ မူဝါဒသစ်ချမှတ်ရင် အနည်းဆုံး ၃လကြိုပြောသင့်တယ် ဒါမှကြိုတင် planning လုပ်လို့ရမှာပါ။ ပိုမိုကောင်းမွန်တဲ့စနစ်တခုလုပ်မယ်ဆိုလဲ အများပြည်သူကိုချပြပြီး သင့်တော်မတော် အဖြေရှာသင့်ပါတယ်။ ဒီပေါလစီအတိုင်းပါကင်ထောက်ခံချက် ရပ်လိုက်ရင်တော့ 2011 model အထက်ကားကိုရန်ကုန်လိုင်စင် ရောင်းလို့မရတော့ဘူး။ နယ်လိုင်စင် အခြားပြည်နယ်နဲ့တိုင်းတွေကို ပဲရောင်းလို့ရမှာပါ။

Author