လုပ်ငန်းလိုင်စင်မရှိသော အောက်ဆိုဒ်ကား(ကြားကား) များကို ဖမ်းဆီးအရေးယူပြီး ဒဏ်ငွေများချမှတ်လျက်ရှိကာ ဆက်လက်၍လည်း ပိုမိုထိရောက်စွာအရေးယူသွားမည်

0

Full article

လုပ်ငန်းလိုင်စင်မရှိသော အောက်ဆိုဒ်ကား(ကြားကား) များကို ဖမ်းဆီးအရေးယူလျက်ရှိပြီး ဒဏ်ငွေများချမှတ်လျက်ရှိကာ ဆက်လက်၍လည်းဖမ်းဆီးအရေးယူသွားမည်ဖြစ်ပြီး ပိုမိုထိရောက်သော အရေးယူမှုများဆောင်ရွက်သွားရန် စီမံချက်ရှိကြောင်း စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်မှ ပြောကြားခဲ့သည်။

photo Credit Yangon Hluttaw

“ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စေရေးအတွက် ၁၆.၁.၂၀၁၇ ခုနှစ်မှစတင်ကာ Yangon Bus Service (YBS) ယာဉ်လိုင်းအသစ်များဖြင့်စတင်ပြေးဆွဲခဲ့ပါကြောင်း၊ ထိုသို့ပြေးဆွဲရာတွင် ယခုအခါ  ခရီးသွားပြည်သူများ ပိုမိုအဆင်ပြေစေရန်အတွက် ယာဉ်လိုင်းအချို့မှာ (၂၄)နာရီပြေးဆွဲလျက်ရှိပါကြောင်း၊ ထိုသို့ပြေးဆွဲလျက်ရှိသော်လည်း လူအချို့မှာ ညပိုင်းအချိန်များတွင် တရားမဝင် ကြားကားများပြေးဆွဲ၍ ခရီးသည်များသယ်ယူပို့ဆောင်နေကြောင်း သတင်းရရှိသဖြင့်  အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ(ရန်ကုန်)ကွပ်ကဲမှုအောက်ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲများမှ ဖမ်းဆီးအရေးယူဆောင်ရွက်ခဲ့ပြီး အဆိုပါ စည်းကမ်းဖောက်ဖျက်သော ကြားကားများအား ၂၀၁၅ မော်တော်ယာဉ်ဥပဒေ၊ ပုဒ်မ ( ၆၅) အရ ကျပ် ၃၀၀၀၀ ထက်မပိုသော ဒဏ်ငွေများဖြင့် ချမှတ်အရေးယူဆောင်ရွက်ခဲ့ကြောင်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့အနေဖြင့် စည်းကမ်းဖောက်ဖျက်သော ကြားကားများကိုဆက်လက်စောင့်ကြည့်အရေးယူလျက်ရှိပြီး ပိုမိုထိရောက်သော ပြစ်ဒဏ်များချမှတ်နိုင်ရေးကိုလည်း ဆောင်ရွက်သွားရန် စီမံချက်ရှိပါကြောင်း”

၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင်ပြုလုပ်ခဲ့သော ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒဿမ ပုံမှန်အစည်းအဝေး ရန်ကုန်တိုင်းဒေသကြီး စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်မှ ပြောကြားခဲ့သည်။

ထို့အပြင် YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှလည်း

“ကျွန်တော်တို့ဘက်က ကြားကားများကို စည်းစနစ်တကျ အရေးယူဆောင်ရွက်ဖို့အတွက် ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီနဲ့ ဆွေးနွေးလျက်ရှိပါတယ်”

ဟု ၂၀၁၉ အောက်တိုဘာလ ၂ ရက်နေ့တွင်ပြုလုပ်ခဲ့သော YRTA ၏မီဒီယာတွေ့ဆုံပွဲ (၁၀/၂၀၁၉) တွင် မီဒီယာများကိုပြောကြားခဲ့သည်။


အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ(ရန်ကုန်) ကွပ်ကဲမှုအောက်ရှိ အမှတ်( ၆/ ၇/ ၈/၉) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲများမှ ၂၀၁၈ ခုနှစ်တွင် ကြားကားအစီးရေ (၁၅၄) စီးနှင့် ၂၀၁၉ ခုနှစ်၌ အရှေ့ပိုင်းခရိုင်တွင် (၄၈) မှု၊ အနောက်ပိုင်းခရိုင်တွင်( ၉) မှု၊ တောင်ပိုင်းခရိုင်တွင် (၁၀) မှု၊ မြောက်ပိုင်းခရိုင်တွင် (၈၁) မှု၊ စုစုပေါင်း (၁၄၈) မှု ဖမ်းဆီရမိခဲ့ကြောင်း သိရသည်။

Author