သီတင်းကျွတ်ရုံးပိတ်ရက်ကာလအတွင်း နယ်မြို့အသီးသီးသို့ သွားလာကြမည့် ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စေရေး ကြိုတင်စီစဉ်ထားသည်များအား လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်မှ ရှင်းလင်းပြောကြား

0

Full article

၂၀၁၉ သီတင်းကျွတ်ပွဲတော် ရုံးပိတ်ရက်ကာလအတွင်းနယ်မြို့အသီးသီးသို့သွားလာကြမည့်  ခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ဆောင်ရွက်ရမည့်အချက်များအား ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့၊ အဝေးပြေးယာဉ်လိုင်းဌာနခွဲမှ တာဝန်ရှိသူများ၊ အဝေးပြေးယာဉ်လိုင်းတာဝန်ရှိသူများကို ခေါ်ယူအသိပေးခြင်းများ ဆောင်ရွက်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊စက်မှုလက်မှု နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်မှပြောကြားခဲ့သည်။


“၂၀၁၉ ခုနှစ် သီတင်းကျွတ်ပွဲတော်ကာလအတွင်း ခရီးသွားပြည်သူများသွားလာမှုအတွက် လက်မှတ်များစနစ်တကျရောင်းချရေး၊ ယာဉ်လိုင်းမရှိပဲလက်မှတ်ရောင်းချခြင်းများမပြုရေး၊ သတ်မှတ်ယာဉ်များ စနစ်တကျပြေးဆွဲရေးအတွက် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့၊ အဝေးပြေးဌာနခွဲမှ တာဝန်ရှိသူများမှ၊ အဝေးပြေးယာဉ်လိုင်းတာဝန်ရှိသူများကို ၁၉ .၉ .၂၀၁၉ ကတည်းက ခေါ်ယူအသိပေးခဲ့ပြီးဖြစ်ကြောင်း၊ ခရီးသွားပြည်သူများ သွားလာမှုအပေါ် လေ့လာချက်အရ စက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများသွားလာမှုအတွက် မော်တော်ယာဉ်များငှားရမ်းစီမံထားခြင်း၊ မော်တော်ယာဉ်အသင်းများမှလည်း ယာဉ်လက်မှတ်များကို online မှရောင်းချသည့်စနစ်ဖြင့် ကြိုတင်ရောင်းချပေးခြင်း၊ လက်မှတ်ဝယ်ရန်အခက်အခဲရှိသူများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့၊ အဝေးပြေးဌာနခွဲရုံးသို့ဆက်သွယ်လာပါက ကူညီဆောင်ရွက်ပေးခြင်း စသည်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စက်ရုံအလုပ်ရုံများသာမက ကုမ္ပဏီများမှလည်း မိမိတို့ဝန်ထမ်းများသွားလာရေးအတွက် မော်တော်ယာဉ်များငှားရမ်းစီမံပေးထားခြင်းများဆောင်ရွက်လျက်ရှိပါကြောင်း”

ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်မှ ၂၀၁၉ အောက်တိုဘာလ ၇ ရက်နေ့တွင်ပြုလုပ်ခဲ့သော ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဒဿမပုံမှန်အစည်းအဝေး တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှမေးမြန်းလာသည့်

“၂၀၁၉ သီတင်းကျွတ်ရုံးပိတ်ရက်ကာလအတွင်း နယ်မြို့အသီးသီးသို့ သွားလာကြမည့် ခရီးသွားပြည်သူများအတွက် အစစအရာရာ အဆင်ပြေချောမွေ့စေရေးနှင့် အဝေးပြေးကားဝန်းများအနီး ယာဉ်ကျောကြပ်တည်းမှုလျော့ပါးစေရေးအတွက်မည်ကဲ့သို့ကြိုတင်စီမံဆောင်ရွက်ပေးမည်ကိုသိလိုကြောင်းနှင့်၊ ယခင် ရုံးပိတ်ရက်ရှည်ကာလများအတွင်း သတ်မှတ်စည်းမျဉ်းစည်းကမ်းချက်များနှင့် ကိုက်ညီမှုမရှိသော အဝေးပြေးယာဉ်လိုင်းများနှင့် မော်တော်ယာဉ်များအပေါ် မည်ကဲ့သို့ ဆက်လက်အရေးယူဆောင်ရွက်သွားမလဲ”

ဟူသောမေးခွန်းကိုပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။


၂၀၁၉ မဟာသင်္ကြန်ကာလအတွင်း အောင်မင်္ဂလာအ‌ဝေးပြေးတွင် ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့၊ အဝေးပြေးဌာနခွဲမှတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ ယာဉ်လိုင်း (၂) ခုမှ တာဝန်ရှိသူများ ယာဉ်လိုင်းမရှိပဲလက်မှတ်ရောင်းချခြင်းကို စစ်ဆေးတွေ့ရှိခဲ့ကာ ခံဝန်ကတ်လက်မှတ်ရေးထိုးစေခြင်း၊ အလားတူဖြစ်ရပ်မျိုးမဖြစ်ပွားရန် ကြပ်မတ်စေခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

Author