Full article

ခရီးသည်တင် ဟိုင်းလပ်ယာဉ်များကို ယခုနှစ် ဖေဖော်ဝါရီ ၁ဝ ရက် နောက်ဆုံးထား၍ ရန်ကုန်မြို့တွင်း ဝင်ရောက်ပြေးဆွဲခွင့် ကန့်သတ်လိုက်ခြင်းကြောင့် ခရီးသည်များ နှင့် ယာဉ်ပိုင်ရှင်များ အခက်ကြုံ လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။Dyna-Bus-500x280

ခရီးသည်တင်ဆောင်ပြေးဆွဲရန် ယာဉ်အန္တရာယ် လုံခြုံစိတ်ချမှု မရှိသော်လည်း ယခင်က မြန်မာနိုင်ငံ၏ မော်တော်ယာဉ် တင်သွင်းခွင့်မူဝါဒ ကန့်သတ်ချက်များနှင့် အခြားလိုအပ်ချက်များကြောင့် အဆိုပါ ယာဉ်များကို ခရီးသည်တင်ယာဉ်အဖြစ် အသုံးပြုခဲ့ရကြောင်း၊ ယခုအခါ မော်တော်ယာဉ် တင်သွင်းခွင့်မူဝါဒ အပြောင်းအလဲများ အလိုက် မြို့တွင်းဘတ်စ်ကားနှင့် လုပ်ငန်းသုံး မော်တော်ယာဉ်တင်သွင်းမှုများ ရှိလာသည့်အတွက် ဟိုင်းလပ်ယာဉ် များနေရာတွင် မီနီဘတ်စ်များ အစားထိုး ပြေးဆွဲ စေခြင်း နှင့် ခရီးသည် တင်ဆောင်ပြေးဆွဲရန် လုံခြုံစိတ်ချရမှုမရှိသည့် ဟိုင်းလပ်ယာဉ်များ မြို့တွင်းပြေးဆွဲခွင့်ကို ပိတ်ပင် ရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး အလိုက် ချိတ်ဆက်ပြေးဆွဲနေသော ဟိုင်းလပ်ယာဉ်လိုင်း ၄၆ လိုင်း၌ ယာဉ်အစီးရေ ၈၅ဝ ရှိကြောင်း၊ ယင်းတို့အနက် အစီးရေ ငါးရာကျော်မှာ ယာဉ်ဟောင်းအပ်နှံကာ မီနီဘတ်စ်များ တင်သွင်းလိုသော်လည်း အစီးရေအလိုက် ပေးသွင်းရမည့် ငွေကြေးနှင့် ဘဏ်အတိုးနှုန်းများကို စိုးရိမ်လျက် ရှိနေကြကြောင်း၊ အပ်နှံခြင်းမပြုသည့် ယာဉ်များအနေဖြင့်လည်း ပဲခူးတိုင်းဒေသကြီး ဂိတ်စမှ ထောက်ကြန့်လမ်းဆုံ ဂိတ်ဆုံး အထိသာ ပြေးဆွဲရမည် ဖြစ်သည့်အတွက် ယခင် နေ့စဉ်ဝင်ငွေကို ထိခိုက်မှု ရှိနိုင်သည့်အပြင် ခရီးသည် တင်ဆောင်ခြင်းမရှိဘဲ လက်ရှိပြေးဆွဲနေသော 'ခ' လိုင်စင် ခရီးသည်တင်ယာဉ်မှ 'က' လိုင်စင် ကုန်တင်ယာဉ် အဖြစ်ပြောင်းလဲပါကလည်း အဆင်ပြေနိုင်မည် မဟုတ်ကြောင်း ယာဉ်မောင်းများက ဆိုသည်။ မီနီဘတ်စ်တွေသွင်း ချင်ပါတယ်၊ ဒါပေမဲ့ အစီးရေများတော့ ပေးသွင်းရမယ့် ပမာဏကလည်း ရှိသေးတယ်၊ ပြီးတော့ ဘဏ်အတိုးနှုန်း၊ ဒါတွေကိုလည်း ထည့်တွက်ရတယ်၊ ဟိုင်းလပ်က မနက်၊ နေ့လယ်နဲ့ ညနေ ခရီးသည် အများဆုံးတင်တယ်၊ ဆင်မင်းဈေးတို့၊ ဈေးသစ်တို့ကစပြီး ထောက်ကြန့်အထိ ခရီးသည်အပြည့်ပဲ၊ ညပိုင်းကနေ မနက် မိုးသောက်အထိ ကုန်စိမ်းနဲ့ ကုန်စိမ်း ရောင်းတဲ့သူတွေ စီးတာ၊ ဒီတော့ ၂၄ နာရီအပြည့် ဆွဲနေရတာ၊ မီနီ ဘတ်စ်ပြောင်းလိုက်ရင် ဒီလိုမရတော့ဘူး၊ ကုန်စိမ်းသည်ကလည်း လူမပါဘဲ ကုန်ပဲတင်ရမယ်ဆိုရင် စီးမှာမဟုတ်ဘူး၊ ဒီအတွက် အခု ဝင်ငွေထိခိုက်မှာပဲ၊ ကုန်စိမ်းသည်တွေလည်း အခက်တွေ့မှာပဲ၊ မီနီဘတ်စ် တင်သွင်းမယ့်သူက နည်းတော့ အရင်အစီးရေလောက် ပြေးဆွဲနိုင်မှာ မဟုတ်ဘူး၊ အခုတောင် ကျပ်ညပ်နေတာ၊ အခုပြောတဲ့အချက်တွေ အားလုံး အဆင်ပြေနိုင်ရင်တော့ ပိုကောင်းတာပေါ့"ဟု မှော်ဘီ-တိုက်ကြီး ဟိုင်းလပ်ယာဉ်မောင်း ဦးလှမျိုးက ပြောသည်။ ဟိုင်းလပ်နှင့် ဒိုင်နာယာဉ်များကို ၂ဝဝ၉ ခုနှစ်တွင် မြို့တွင်း ခြောက်မြို့နယ်၌ ဝင်ရောက်ပြေးဆွဲခွင့် ပိတ်ပင်ခဲ့ပြီး ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလမှစ၍ အပေါ်အမိုး ဝက်ခြံ ကို ဖြုတ်သိမ်းခိုင်းကာ အမိုးစီး ခရီးသည် တင်ဆောင် ပြေးဆွဲခြင်းကို ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ခဲ့သည်။ ၂ဝ၁၃ ခုနှစ်၊ စက်တင်ဘာလတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ဟိုင်းလပ်ယာဉ်များအား ရန်ကုန်မြို့တော် စည်ပင်သာယာနယ် နိမိတ်အတွင်း ဝင်ရောက်ပြေးဆွဲခွင့်ကို ကန့်သတ်ခဲ့ပြီး လက်ရှိပြေးဆွဲမှုကို ယခုနှစ် ဖေဖော်ဝါရီ ၁ဝ ရက်အထိ ခွင့်ပြုထားကာ အဆိုပါ ရက်ကျော်လွန်ပါက ဟိုင်းလပ်ယာဉ်များ ရန်ကုန်မြို့တွင်းသို့ ဝင်ရောက် ပြေးဆွဲခွင့် မရှိတော့ကြောင်း သိရသည်။

Ref: Automobile

Author