Full article

ဟိုင်းလပ် ယာဉ်လုပ်သားများ တောင်းဆိုမှုကြောင့် ရန်ကုန် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဟိုင်းလပ်ယာဉ်ပြေးဆွဲခွင့်ကို အချိန်တစ်လထပ်မံ တိုးမြှင့်ပေး လိုက်ကြောင်း ရန်ကုန်တိုင်း မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီ မှသတင်းရရှိသည်။

Hilux1

ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ဟိုင်းလပ်ယာဉ် ပြေးဆွဲခွင့်များကို ယခုလဆန်းပိုင်းအထိသာ ခွင့်ပြုမည်ဟု ထုတ်ပြန်ကြေညာထားသော်လည်း ဟိုင်းလပ်ယာဉ်လုပ်သားများမှ တိုင်းဒေသကြီး အစိုးရထံသို့ အချိန်တိုးမြှင့်ပေးရန် တောင်းဆိုမှုများ ပြုလုပ်သည့်အတွက် လာမည့် ဖေဖော်ဝါရီ ၁ဝ ရက်အထိ အချိန်တစ်လ ထပ်မံ တိုးမြှင့် ပေးထားကြောင်း သိရသည်။ ဒီလို အချိန်တစ်လ တိုးမြှင့်ပေးထား တဲ့အတွက် မီနီဘတ်စ် တင်သွင်းဖို့ အချိန်လည်းရမယ်၊ ကုန်တင်တဲ့ 'က' လိုင်စင်နဲ့ ဆွဲနေတယ်ဆိုရင်လည်း ခရီးသည်တင်ယာဉ် လိုင်စင်ပြောင်းဖို့ အဆင်ပြေသွားနိုင်ပါတယ်၊ ရန်ကုန်စည်ပင် နယ်နိမိတ်ထဲကို ပြေးဆွဲလို့မရပေမဲ့ အနီးစပ်ဆုံး နေရာတွေတော့ ပြေးဆွဲခွင့်ရအောင် တောင်းဆိုသွားမှာပါဟု ရန်ကုန်-ပဲခူးပြေးဆွဲနေသည့် ယာဉ်မောင်း ဦးလှထွေးကပြောသည် မထသကော်မတီအနေဖြင့် လည်းယင်းသို့ အချိန်တစ်လ တိုးမြှင့်ပေးစဉ်ကာလအတွင်း လက်ရှိပြေးဆွဲနေသည့် ဟိုင်းလပ်ယာဉ် လမ်းကြောင်းများတွင် ပြေးဆွဲလျက်ရှိသည့် စီးတီးဘတ်စ်များကို ယာဉ်အစီးရေ တိုးမြှင့်ပြေးဆွဲရန် စီစဉ်သွားမည် ဖြစ်ကြောင်း သိရသည်။ ဟိုင်းလပ်ယာဉ်တွေကို စာရင်းကောက်ကြည့်တဲ့အခါမှာ နေ့စဉ် ခရီးသည်စီးနင်းတဲ့ အရေအတွက်က တစ်သိန်းကျော်လောက် ရှိတယ်လို့ သိရတယ်၊ အဲဒါကြောင့် ဟိုင်းလပ်ယာဉ်တွေကို ပြေးဆွဲခွင့် ကန့်သတ်ထားပေမဲ့ သူ့နေရာမှာ အစားထိုးပြေးဆွဲဖို့ လမ်းကြောင်းတူ ယာဉ်တွေကို တိုးဖို့စီစဉ်ပြီးပါပြီဟု မထသကော်မတီဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဟိုင်းလပ်ခရီးသည်တင် ယာဉ်လိုင်းပေါင်း ၄၆ လိုင်းမှ ယာဉ်အစီးရေ ၈၅ဝ ပြေးဆွဲလျက်ရှိကြောင်း၊ အဆိုပါယာဉ်များကို ရန်ကုန် စည်ပင်နယ်နိမိတ်အတွင်း ပြေးဆွဲခွင့်ကိုတားမြစ်ရန် သတ်မှတ်ခြင်းမှာ နှစ်စဉ်ခရီးသည်တင်ယာဉ် မတော်တဆဖြစ်ပွားရာ၌ အများစုမှာ ဟိုင်းလပ်ယာဉ်များကြောင့် ဖြစ်ပွားသည်ကို တွေ့ရသောကြောင့် ဟိုင်းလပ်များနေရာတွင် မီနီဘတ်စ်များ အစားထိုးပြေးဆွဲရန် သတ်မှတ်ခဲ့ပြီး စည်ပင်နယ်နိမိတ်အတွင်း ပြေးဆွဲခွင့်တားမြစ်ခဲ့ကြောင်း သတင်းရရှိသည်။

Ref: Automobile

Author