Full article

သင်္ကြန်ကာလမတိုင်မီနှင့် သင်္ကြန်ကာလအပြီး အဝေးပြေးကားလက်မှတ် လိမ်လည်ရောင်းချမှုများ နှစ်စဉ်ဖြစ်နေလျက်ရှိရာ အဝေးပြေးကားလက်မှတ် ပွဲစားပြုလုပ်သူများ၊ ကားလက်မှတ်လိမ်လည်ရောင်းချသူများကို ထိရောက်စွာဖမ်းဆီးသွားမည်ဖြစ်ကြောင်း အများပြည်သူ သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အဝေးပြေးယာဉ်ရပ်နားစခန်းမှ သိရသည်။

သင်္ကြန်ကာလတွင် ပြည်နယ်နှင့်တိုင်းများ အသီးသီးထံသို့ နေရပ်ပြန်မည့်ခရီးသည်များအား အဝေးပြေးကားလက်မှတ် လိမ်လည်ရောင်းချမှုများ ယမန်နှစ်ကလည်း ဖြစ်ပေါ်ခဲ့ရာ ယခုနှစ်တွင် ကားလက်မှတ်ဝယ်ယူသူများအနေဖြင့် တရားဝင်ပြေးဆွဲနေသော အဝေးပြေးယာဉ်လိုင်းများထံမှသာ ကားလက်မှတ်များကို ဝယ်ယူစီးနင်းကြရန် သတိပေးမှုများကို အဝေးပြေးယာဉ်လိုင်းများတွင် အသိပေးထားရှိသွားမည်ဖြစ်သည်။

"နှစ်စဉ်ဖြစ်နေတာက သင်္ကြန်အတွင်းမှာ လက်မှတ်လိမ်ရောင်းတာတွေ မနှစ်ကလည်းဖြစ်ခဲ့တာတွေရှိတယ်။ တစ်ချို့က လက်မှတ်ကို ကြိုဝယ်ထားကြတယ်။ လက်မှတ်လိမ်ရောင်းတာတွေကိုလည်း ထိထိရောက်ရောက် ဖမ်းဆီးအရေးယူတာတွေလုပ်သွားမယ်။ တရားဝင်ယာဉ်လိုင်းကပဲဝယ်ယူဖို့ အသိပေးတာတွေလုပ်သွားမှာပါ" ဟု အများပြည်သူ သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အဝေးပြေးယာဉ်ရပ်နားစခန်းဝင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

၂ဝ၁၇ ခုနှစ် သင်္ကြန်အကြိုကာလတွင် အောင်မင်္ဂလာအဝေးပြေးဝင်းအနီးရှိ ယာဉ်လိုင်းအမည်ခံ လက်မှတ်ရောင်းသူများထံ လက်မှတ်ဝယ်ယူခဲ့သူ ၁၆၅ ဦး ရှိခဲ့ရာ ၂ဝ၁၈ ခုနှစ်တွင်လည်း အဝေးပြေးကားလက်မှတ် လိမ်လည်ရောင်းချနေသောသူများရှိနေပြီး သင်္ကြန်တွင် နေရပ်ပြန်မည့်ခရီးသည်များမှာ ကားလက်မှတ်ဝယ်မည်ဆိုပါက လမ်းမပေါ်တွင် လိုက်လံရောင်းချသူများထံမှ လက်မှတ်ဝယ်ယူခြင်းမပြုဘဲ တရားဝင်ခွင့်ပြုထားသော မူရင်းယာဉ်လိုင်း ဂိတ်များထံမှ ကိုယ်တိုင်ဝယ်ယူကြရန် လိုအပ်ပေသည်။

Author