Full article

မကြာခဏတိမ်းမှောက်မှုများ ဖြစ်ပွားလျက်ရှိသည့် ရန်ကုန်-နေပြည်တော်အမြန်လမ်းပိုင်းကို နိုင်ငံတကာ အကူအညီများဖြင့် ရှစ်လမ်းသွားအမြန်လမ်းမကြီးအဖြစ် ဆောက်လုပ်သွားမည်ဟု ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်းက ပြောသည်။

3107857585_78e482e329_z

လက်ရှိတွင် အဆိုပါအမြန်လမ်းတစ်လျှောက် ယာဉ်အစီး ၁ဝဝဝ လျှင် ယာဉ်တစ်စီးနှုန်းဖြင့် မတော်တဆမှုများ ဖြစ်နေခြင်းကြောင့် ယခင်အမြန်လမ်း တည်ဆောက်ခဲ့သည့် မာစတာပလန်အတိုင်း အဆင့်မြှင့်တင်မှုများ ဆောင်ရွက်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ဇွန် ၂၂ ရက်က မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းခန်းမတွင် ပြုလုပ်သည့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတည်ဆောက်ရေး လုပ်ငန်းစဉ်နှင့် ယာဉ်အန္တယာဉ်ကင်းရှင်းရေး ဟောပြောပွဲတွင် ယင်းကဲ့သို့ ပြောခြင်းဖြစ်သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတည်ဆောက်ရေး Master Plan အရ လက်ရှိဖောက်လုပ်ထားသည့် လေးလမ်းသွားအမြန်လမ်းကို ရှစ်လမ်းသွားအဖြစ် အဆင့်မြှင့်တင် ဖောက်လုပ်ရမည် ဖြစ်ပြီး ရှစ်လမ်းသွား၏ဘေးတွင် လမ်းပုခုံး၊ ခြံစည်းရိုးများ ပါဝင်မည်ဖြစ်သည်။ ယင်းခြံစည်းရိုး၏ဘေးတွင် ကျေးလက်သွားအမာခံလမ်းများ ပါဝင်မည်ဖြစ်ကာ ကျေးလက်သွားအမာခံလမ်း၏ ဘေးတွင် ခြံစည်းရိုးထပ်မံပါဝင်မည်ဟု သိရသည်။

လမ်းမ၏ မိုင် ၅ဝ အကွာအဝေးတိုင်းတွင် ယာဉ်ရပ်နားစခန်းများနှင့် မိုင် ၄ဝ အကွာတွင် အများသုံးသန့်စင်ခန်း၊ လေထိုး၊ ကျွတ်ဖာဆိုင်များ ထည့်သွင်းကာ လမ်းပိုင်းဝန်ဆောင်မှုများ ထည့်သွင်းတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ အမြန်လမ်းပိုင်း (Expressway) အတွက် လမ်းတည်ဆောက်ရေးဆိုင်ရာ အထောက်အကူပြု သင်တန်းများအတွက် USAID မှ အမေရိကန်ဒေါ်လာ တစ်သန်းခွဲတန် နည်းပညာဆိုင်ရာ သင်တန်းများကို ရန်ကုန်တွင် ဖွင့်လှစ်ပေးမည်ဖြစ်ပြီး ဂျပန်နိုင်ငံ JICA မှလည်း လမ်းပိုင်းဆိုင်ရာ စစ်ဆေးရေးလုပ်ငန်းများအတွက် ကန်ဒေါ်လာ နှစ်သန်းတန် Survey Vehicle ယာဉ်တစ်စီး ထောက်ပံ့ရန်ရှိကြောင်း သိရသည်ဟု ၂ဝ၁၃ ခုနှစ် ဇွန်လ ၂၅ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

By: ခေတ်လူငယ်

Myanmar Online News မှကူးယူဖော်ပြသည်။

Photo by stevenvds

Author

Comments