Full article

ဧပြီလမတိုင်မီကပင် ရန်ကုန်အခြေစိုက် အဝေးပြေးယာဉ် ခရီးစဉ် လက်မှတ်များ ပြတ်လပ်မှုကြောင့် ခရီးနှစ်ဆင့်၊ သုံးဆင့်သွားရန် စီစဉ်နေရကြောင်း အဝေးပြေး ယာဉ်လိုင်းများထံ လက်မှတ် ဝယ်ယူနေကြသည့် ခရီးသည်များထံမှ သတင်းရရှိသည်။

download

သင်္ကြန် ပိတ်ရက်ရှည်တွင် ရန်ကုန်မှ အနယ်နယ်အရပ်ရပ်သို့ ပြေးဆွဲနေသည့် အဝေးပြေးခရီးစဉ် လက်မှတ်များကို ယခင်ကထက် ဈေးနှုန်းနှစ်ဆ ပေးဝယ်နေရကာ ယာဉ်လိုင်းအချို့တွင် ဧပြီလ မရောက်မီကတည်းက သင်္ကြန် ကာလအတွက် ကားလက်မှတ် အားလုံး ပြည့်နေပြီဖြစ်သဖြင့် ခရီးသည်အချို့ နေရပ်ပြန်ရန် ကားနှစ်ဆင့်၊ သုံးဆင့် ပြောင်း၍ သွားလာ ရန် စီစဉ်နေရကြောင်း သိရသည်။ "အစ်မက မကွေးပြန်မှာ၊ လက်မှတ်ကတော့ အရင် ကိုးထောင်ပေးရတယ်၊ အခု သင်္ကြန်နားနီးလို့ ၁၈,ဝဝဝ ပေးဝယ်ရတယ်၊ သူငယ်ချင်းတစ်ယောက်ဆိုရင်လည်း မကွေးပြန်မှာပါ၊ ဒါပေမဲ့ လက်မှတ် လုံးဝမရတော့ ရေနံချောင်းကို တစ်ဆင့်စီးပြီးမှ မကွေးကား ထပ်စီးရမှာ၊ တချို့ သူငယ်ချင်းတွေလည်း လက်မှတ်တွေ သွားဝယ်ကြတာ ကားဂိတ်တွေက အချိန်တွေပြောပြီး သူတို့ ရောင်းတဲ့အချိန်တွေမှာ လာဝယ်ရင် ဝယ်၊ မဝယ်ရင် မရတော့ဘူးလို့ ပြောတယ်၊ အစ်မတို့ကလည်း အလုပ်တွေနဲ့ဆိုတော့ တော်တော်လေး ဒုက္ခရောက်နေတယ်"ဟု မကွေး လက်မှတ်ဝယ်ယူသူ မဝိုင်းဝိုင်းက ပြောသည်။ သင်္ကြန် ပိတ်ရက် ရှည်ကာလကြောင့် နယ်သို့ပြန်မည့် ခရီးသည်များ များပြားသဖြင့် ယာဉ်လိုင်းများရှိ လက်မှတ်များ ပြတ်လပ်နေရခြင်း ဖြစ်ကြောင်း သိရသည်။ သို့ရာတွင်လည်း အဝေးပြေး ယာဉ်လိုင်းများတွင် ပြေးဆွဲလျက်ရှိသော ကားများသည် ဧပြီ ၁၁ ရက်အထိ ယခင်သတ်မှတ်ထားသည့် ကားအစီးရေနှင့် သတ်မှတ်ထားသည့်အချိန်အတိုင်း ပြေးဆွဲမည်ဖြစ် ကြောင်း သိရသည်။ အလားတူ တာမွေမြို့နယ်မှ လက်မှတ် အရောင်းကိုယ်စားလှယ် တစ်ဦးကလည်း "ဒီအချိန်ကတော့ လက်မှတ်ဈေးတွေတက်တာ ပုံမှန်လိုဖြစ်နေပါပြီ၊ မြို့ကြီး ခရီးစဉ်တွေထက်စာရင် ယာဉ်ပြေးဆွဲမှုနည်းတဲ့ မကွေးတို့၊ ရခိုင်တို့ ယာဉ်လိုင်း လက်မှတ်ခတွေက နှစ်ဆတက်တယ်၊ တချို့ဆို မှောင်ခိုဈေး ကြောင့်တက်တာ မဟုတ်ဘဲ မူရင်းဂိတ်က ဈေးတင်ပြီးတော့ ရောင်းတာ"ဟု ပြောခဲ့သည်။

Ref: Automobile

Author